မန္တလေး ၂၃ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းချုပ်၏ လမ်းညွန်မှုဖြင့် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(မန္တလေး)မှ ဦးဆောင် ကျင်းပပြုလုပ်သည့် ပထမအကြိမ် ကျောက်စိမ်းအရိုင်း၊ အချောထည်နှင့် ကျောက်မျက်ရတနာများ မြန်မာ ကျပ်ငွေဖြင့် ရောင်းချပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်းရှိ MANDALAY CONVENTION CENTRE(MCC) တွင် ကျင်းပသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေး မြို့တော်စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာရဲလွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်း၊ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင် များအသင်းချုပ်(နေပြည်တော်) ဒုတိယဥက္ကဌ ဦးလှစိုးဦး၊ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မန္တလေး) ဥက္ကဌ ဦးသန်းဝင်းနှင့် ကျောက်မျက်ပြပွဲကျင်းပရေးကော်မတီဥက္ကဌ ဦးကျော်ဇောအောင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။
အခမ်အနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မြန်မာနိုင်ငံတွင် သယံဇာတ တွင်းထွက်ကျောက်မျက်ရတနာများ ပေါကြွယ်ဝစွာ ထွက်ရှိသော်လည်း တူးဖော်ထုတ်ယူ သုံးစွဲရာတွင် တာဝန်သိရန် လိုအပ်ကြောင်း၊ အနာဂတ်မျိုးဆက်သစ်များအတွက် စီမံ ခန့်ခွဲနိုင်ရန် ချန်ထားနိုင်ရေးအတွက် တူးဖော်လိုသူတိုင်းအတွက် တူးဖော်ခွင့် ပေး၍ မရပါကြောင်း၊ ကျောက်မျက်ရတနာလုပ်ကွက်များအား စနစ်တကျ ချထားပေးသော်လည်း သတ်မှတ်ချက်ထက် ပိုမို တိုးချဲ့၍ တူးဖော်နေမှုများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုဒဏ်ကို ဒေသခံဆင်းရဲသား ပြည်သူများ ခံစားနေရကြောင်း၊
ထို့ကြောင့် ၎င်းနေရာ ဒေသရှိ ဒေသခံပြည်သူများအတွက် CSR လုပ်ငန်းများ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ မန္တလေးဒေသတွင် ကျောက်စိမ်းမထွက်သော်လည်း ကျောက်စိမ်းဈေးကွက်မှာ မန္တလေး မြို့တွင် အခြေပြုသည့်အတွက် ယခုလို ကျောက်စိမ်းရောင်းချသည့်ပွဲမျိုးကို မန္တလေးတွင် နှစ်စဉ် ရာသီ အလိုက် ကျင်းပသည့် ပွဲတော်များကဲ့သို့ ကျင်းပနိုင်စေရန်နှင့် ယခုအစပျိုးကျင်းပသည့် မြန်မာ ကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်စိမ်းပွဲတော်မှ အခွင့်အခါသင့်သည့် အချိန်တိုင်း အခြားငွေကြေးများ ဖြင့်လည်း ရောင်းချနိုင်သည့် ပွဲတော်များအဖြစ် ဆက်လက် ကျင်းပနိုင်ရန် ကြိုးစားဆောင်ရွက်စေ လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(မန္တလေး) ဥက္ကဌ ဦးသန်းဝင်းက မန္တလေးမြို့သည် ကျောက်စိမ်းရောင်းဝယ်ရေး လုပ်ငန်း အများဆုံး အခြေစိုက်သည့် ဒေသဖြစ်သည့်အတွက် ယခုလိုပြပွဲမျိုး ကျင်းပနိုင်ရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း၊ ကျောက်စိမ်း အရောင်းပြပွဲ ကျင်းပခြင်းဖြင့် ကျောက်စိမ်းဈေးကွက်ကောင်းမွန်လာမှုနှင့်အတူ အခြားစီးပွားရေး လုပ်ငန်းများအတွက်လည်း ကောင်းမွန်လာနိုင်ကြောင်း၊ အရည်အသွေးကောင်းသည့် ကျောက်စိမ်းအစစ် ထွက်ရှိရာ မြန်မာနိုင်ငံတွင် ကျောက်အတုများ ရောင်းချနေခြင်းကို ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်သူအားလုံးမှ ဝိုင်းဝန်းတားဆီးရန် တာဝန်ရှိကြောင်း ကျောက်စိမ်းလောက ဖွံ့ဖြိုးတိုးတက် စေရေးအတွက် တာဝန်ရှိသည့် ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိမိတို့ ကျောက်လောကသားများ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားပြီး ဆက်လက်၍ ကျောက်မျက်ပြပွဲကျင်းပရေးကော်မတီဥက္ကဌ ဦးကျော်ဇောအောင်ကလည်း ပြပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်အဖွဲ့သည် ခင်းကျင်း ရောင်းချလျက်ရှိသည့် ကျောက်စိမ်းအရိုင်း၊ အချောထည်နှင့် ကျောက်မျက် ရတနာဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုခဲ့သည်။
အဆိုပါကျောက်စိမ်းအရိုင်း၊ အချောထည်နှင့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲတွင် ကျောက်စိမ်း အရိုင်းအတွဲပေါင်း ၂၉၅၀ ကျော်အား တင်ဒါစနစ်ဖြင့် ရောင်းချပေးမည့်အပြင် ကျောက်စိမ်းအချောထည်များကိုလည်း ပြခန်းပေါင်း ၄၀ ကျော်ဖြင့် ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ရာ တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက်စိမ်းအရိုင်းအတွဲများအား ဝင်ရောက်လေ့လာ ကြည့်ရှုဝယ်ယူရန် ဝင်ကြေးကို ပြည်တွင်းရတနာကုန်သည်တစ်ဦးလျှင် ငွေကျပ် နှစ်သောင်းနှုန်းနှင့် ပြည်ပရတနာကုန်သည်များအတွက် တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့် ပြပွဲကို အောက်တိုဘာ ၂၃ ရက်မှ ၂၉ ရက်အထိ နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ- အောင်ဖြိုးကျော်




