mdn

နေပြည်တော် ၂၃   အောက်တိုဘာ

 

စာရေးဆရာကြီး ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း ၄၁ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ ဝိုင်အမ်စီအေ (YMCA)ခန်းမ၌ကျင်းပရာ စာပေအသိုက်အဝန်းနှင့် စာပေချစ်မြတ်နိုးသူများ တက်ရောက် ကြသည်။

 

အခမ်းအနားတွင် ဆရာကြီးဦးအံ့မောင် ပေးပို့သော သဝဏ်လွှာကိုဖတ်ကြားခြင်း၊ ကိုကိုးကျွန်းပြန် ဦးလှချို၊ ဗန်းမော်တင်အောင် ရာပြည့်အခမ်းအနားကျင်းပရေး ကော်မတီမှ ဦးမြင့်သိန်းနှင့် ကဗျာဆရာဖြိုးထိန်တို့က အောက်မေ့ဖွယ် အမှတ်တရစကားများ ပြောကြားခြင်းနှင့် အမှတ်တရကဗျာရွတ်ဖတ်ခြင်း၊ စာရေးဆရာကြီး ဗန်းမော်တင်အောင်၏ သားဖြစ်သူ ဦးဗဟိန်းအောင်က အမှတ်တရစကား ပြောကြားခြင်းနှင့် ဗန်းမော်တင်အောင် ရာပြည့် အခမ်းအနားကျင်းပရေးအတွက် အလှူငွေပေးအပ်ခြင်းများ ဆောင်ရွက်ကြသည်။

 

စာရေးဆရာကြီး ဗန်းမော်တင်အောင်၏ သားဖြစ်သူ ဦးဗဟိန်းအောင်က “လာမယ့် ၂၀၂၀ ခုနှစ် ဇွန်လမှာကျင်းပမယ့် ရာပြည့်အခမ်းအနား အကြိုအဖြစ်ကျင်းပတာပါ။ ကျွန်တော့်အနေနဲ့ အဖေကွယ်လွန်ခြင်း နှစ် ၂၀ ပြည့်၊ ၂၅ နှစ်ပြည့်၊   နှစ် ၃၀ ပြည့်၊ ၃၉ နှစ်ပြည့်၊ နှစ် ၄၀ ပြည့်နဲ့ ၄၁ နှစ်ပြည့် အမှတ်တရပွဲတွေ လုပ်ခဲ့ပါတယ်။ အဓိကကတော့ အဖေ့ စာမူခတွေထဲက ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း၊ ဆရာကြီးသခင်ကိုယ်တော် မှိုင်း ဖောင်ဒေးရှင်းနဲ့ ကိုကိုးကျွန်းပြန် ရဲဘော်များအဖွဲ့ စတဲ့အဖွဲ့အစည်းတွေထံ လှူဒါန်းဖို့ ဖြစ်ပါတယ်” ဟု ပြောသည်။

စာရေးဆရာ ကိုလင်းမြတ်က “ဆရာကြီးက စာပေတွေအမြောက်အမြား ရေးသားခဲ့ တယ်။ တစ်ကျွန်းလည်း အပို့ခံရတယ်။ အထူးသဖြင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့နဲ့ တွဲပြီး ပြည်တွင်းငြိမ်းချမ်းရေးရအောင် ကြိုးစားခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အခြေခံလူတန်းစား တွေအတွက် မားမားမတ်မတ် ရပ်တည်ခဲ့သလို မျိုးဆက်သစ်တွေအတွက် စာပေတွေ ပြုစုရေးသားခဲ့ပါတယ်။ သူ့ရဲ့ထင်ရှားတဲ့စကားက သားဖြစ်သူကိုပြောခဲ့တဲ့ လူတစ် ယောက်ရဲ့တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ်တင်ပေး လိုက်တဲ့ သမိုင်းတာဝန်ကို သူ ဘယ်လောက် သယ်ပိုး ထမ်းဆောင်ခဲ့တယ်ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲဆိုတဲ့ စကားပဲဖြစ်ပါတယ်။ ခေတ်လူငယ်တွေ ကျင့်သုံးသင့်တဲ့ စကားဖြစ်ပါ တယ်”ဟု ပြောသည်။

 

စာရေးဆရာကြီး ဗန်းမော်တင်အောင်ကို ၁၉၂၀ ပြည့်နှစ် ဇွန်လ ၉ ရက်တွင် ပဲခူးမြို့ ၌ မွေးဖွားခဲ့သည်။ ၁၉၃၅-၁၉၃၈ ခုနှစ်တွင် ရန်ကုန် ဟိုက်စကူးကျောင်းမှ ၁၀ တန်းအောင် ပြီး ၁၉၃၈ ခုနှစ်တွင် မြန်မာ့အလင်းသတင်းစာတိုက်၌ အလုပ်သင်သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။

 

၁၉၃၆-၁၉၃၈ ခုနှစ်ကာလများအတွင်း ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုများတွင် ပါဝင် ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် စာပေစတင်ရေးသားခဲ့ပြီး လုံးချင်းဝတ္ထု ၄၅ အုပ်နှင့် ဝတ္ထုတိုများ၊ ဆောင်းပါးများ၊ ဝတ္ထုတိုပေါင်းချုပ်၊ မဂ္ဂဇင်းဝတ္ထုရှည်များ၊ သိပ္ပံကျမ်း၊ နိုင်ငံရေး သဘော တရားကျမ်းများကို ရေးသားခဲ့သည်။ စာရေးဆရာကြီး ဗန်းမော်တင်အောင်သည် ၁၉၇၈ ခုနှစ် အောက်တိုဘာ ၂၃ ရက် အသက် (၅၉)နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။

                    

ယခုအခါ ပဲခူးမြို့တွင် ဗန်းမော်တင်အောင် ရာပြည့်အဆောက်အအုံတစ်ခုကို ရာပြည့်အထိမ်းအမှတ်အမှီ ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

 

သတင်း - မွန်းဦးနဒီ

 

ဓာတ်ပုံ - ဇော်မင်းလတ်