ညောင်ဦး ၂၃ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဟိုတယ် မိုတယ်များနှင့် တည်းခိုခန်းများ မီးဘေးအန္တရာယ်လုံခြုံစိတ်ချရမှု ရှိ / မရှိနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စီမံဆောင်ရွက်ထားမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးသန်းဇော်ဉီး ဦးဆောင်၍ ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူး နှင့် တပ်ဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဟိုတယ်မိုတယ်နှင့် တည်းခိုခန်းများအနက် Royal KK Hotel ၊ A Little Bit of Bagan Hotel ၊ Ancient Bagan Hotel နှင့် ပုဂံထိပ်ထား တည်းခိုခန်းတို့ကို သွားရောက်ကာ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဗူးများ လုံလောက်စွာ စီစဉ်ဆောင် ရွက်ထားမှု ရှိ/ မရှိ ၊ တပ်ဆင်အသုံးပြုနေသည့် လျှပ်စစ်မီးကြိုးများနှင့် လျှပ်စစ်မိန်းခုံများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/ မရှိ ၊ အရေးပေါ် မီးငြှိမ်းသတ်နိုင်ရေးအတွက် လွယ်လင့်တကူ ရေရယူသုံးစွဲနိုင်အောင် စီစဉ်ဆောင်ရွက်ထားမှု ရှိ/ မရှိ ၊ မီးလောင်မှုဖြစ်ပွားပါက အသက်အန္တရာယ်ကင်းဝေးစေရေး အရေးပေါ် ထွက်ပေါက်များ စီစဉ်ဆောင်ရွက်ထားမှု ရှိ/ မရှိ တို့ကို ကြပ်မတ်စစ်ဆေးပြီး တာဝန်ခံများအား မီးဘေးလုံခြုံရေးအား အထူးဂရုပြု နေ့စဉ်ကြပ်မတ်စစ်ဆေးဆောင်ရွက်သွားကြရန် ဆွေးနွေး မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး သည် ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာတွင် အရာရှိများနှင့် မီးသတ်တပ်ဖွဲ့ ဝင်များအား တွေ့ဆုံ၍ နယ်မြေအတွင်း မီးလောင်မှုများ လျော့နည်းကျဆင်းရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် ပြည်သူများ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ သိရှိလိုက်နာဆောင်ရွက်ရေး ပညာပေးဆောင်ရွက်ရန်နှင့် ဌာနရုံးလုပ်ငန်းများ ဂရုတစ်စိုက် လုပ်ကိုင်ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )




