နမ့်စန်(တ)      ၂၄       အောက်တိုဘာ

 

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) မှ  ဒေသတွင်း ရွေ့လျားဝန်ဆောင်မှု လုပ်ငန်းများကို ကျေးရွာများသို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးလျှက်ရှိရာ အောက်တိုဘာ ၂၃ ရက်နေ့တွင် ဟိုရမ်းကျေးရွာအုပ်စု နောင်ဝုတ်ကျေးရွာ ဘုန်းကြီးကျောင်း၌ နံနက် ၉နာရီမှ ညနေ ၄နာရီထိ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ ၄ ရွာမှ ကျေးလက်နေပြည်သူ ၂၇၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ပြည်သူများအတွက် အချိန်နှင့်ငွေကြေး သက်သာစွာဖြင့် တစ်နေရာတည်းမှဝန်ဆောင်မှုရယူနိုင်စေရန်အတွက် သက်ဆိုင်ရာဌာနများ စုပေါင်း၍ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းများနှင့် အသိပညာပေးခြင်း လုပ်ငန်းများ လာရောက် ဆောင်ရွက် ပေးခြင်းဖြစ်ပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တင်ပြလိုသည်များကို သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင် ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ နှင့် ဦးစိုင်းလုံ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်တို့က ပြည်သူများ တင်ပြသည့် ပညာရေး၊ကျန်းမာရေး၊ကျေးရွာမီးလင်းရေး၊လမ်းပန်းဆက်သွယ်ရေးနှင့် လယ်ယာမြေ လုပ်ပိုင်ခွင့် ကိစ္စရပ် များကို  သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

ဆက်လက်၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်းမျိုးသန့် သုံးစွဲရေးနှင့် ပိုးသတ်ဆေးစနစ်တကျ သုံးစွဲရေးကိုလည်းကောင်း ၊မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနက လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်(ပုံစံ-၇) ဆောင်ရွက်ပေးခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး လုပ်ငန်းများကိုလည်းကောင်း အသီးသီး ပညာပေး ဟောပြောခဲ့ကြသည်။

 

ထို့နောက် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး မှ ဦးစီးမှူး နှင့်ဝန်ထမ်းများက အိမ်ထောင်စုဇယားပျောက်ဆုံး ၊ပျက်စီးနှင့် အသစ်ပြုလုပ်သူ ၃၉ စုအတွက် အိမ်ထောင်စုဇယားများ အသစ်ပြုလုပ်ပေးခြင်း၊ မွေးတိုးပြုလုပ်ပေးခြင်း ၃၅ ဦးနှင့် သေဆုံးထုတ်ပယ် ၇ ဦး တို့ကို ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက လူနာ ၁၁၉ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကာ  မြို့နယ်တိုင်းရင်းဆေးကုဦးစီးဌာနက လူနာ ၇၇ ဦးကို တိုင်းရင်းဆေးဖြင့် ကုသဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

သူရအောင်(ပြန်/ဆက်)