ပုသိမ် ၂၄ အောက်တိုဘာ
အမျိုးသားကျန်းမာရေးစီမံကိန်း ၂၀၁၇−၂၀၂၁ သည် ၂၀၃၀ တွင် မြန်မာနိုင်ငံ၌ လူတိုင်း လက်လှမ်းမီ လွှမ်းခြုံနိုင်မည့် ကျန်းမာရေးစောင့်ရှောက်မှုသို့ ရောက်ရှိရန် ထပ်လောင်း အားဖြည့် ပေးထားသော မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှု လမ်းလှမ်းမီရေးစီမံချက်အား ထပ်ဆောင်း ပံ့ပိုးပေးရန်အတွက် ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်က “နိုင်ငံတော် အစိုးရအနေဖြင့် ကမ္ဘာ့ဘဏ်အဖွဲ့နှင့်လက်တွဲကာ ၂၀၁၅ ခုနှစ်မှစ၍ မရှိမဖြစ်လိုအပ်သော ကျန်းမာရေး ဝန်ဆောင်မှု လက်လှမ်းမီ ရရှိရေးစီမံကိန်း (Essential Health Service Access Project)ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ယနေ့အခမ်းအနား၏ အဓိက ရည်ရွယ်ချက်မှာ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လျာထားစီမံကိန်း၊ ထိုစီမံကိန်းနှင့် ဆက်စပ်နေသော ရပ်ရွာလူထုအခြေ ပြုလက်တွဲဆောင်ရွက်မှု မူဘောင်(မူကြမ်း)နှင့် ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုအစီအစဉ်(မူကြမ်း) တို့ကို တက်ရောက် လာသော သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များအား တင်ပြဆွေးနွေးတိုင်ပင်ပြီး သဘောထား မှတ်ချက်များ ရယူရန်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းများ၏ ဖြည့်စွက်ဆွေးနွေးချက်များသည် စီမံကိန်းအောင်မြင်မှုအပေါ် များစွာအကျိုး သက်ရောက်မှု ရမှာဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍ၊ အစိုးရမဟုတ် သောအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ၏ နားလည်မှု၊ ပူးပေါင်းပါဝင်မှု၊ အကြံပေးမှုနှင့် လက်တွဲပူးပေါင်းဆောင်ရွက်မှုတို့ အမှန်တကယ် လိုအပ်ကြောင်း၊ ဆွေးနွေးပွဲတွင် တက်ကြွစွာပါဝင်ဆွေးနွေးကြပြီး မိမိတို့၏ အသိအမြင်များ၊ အကြံဉာဏ်များကို မျှဝေပေးကြစေလိုကြောင်း” ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှုး ဒေါက်တာသန်းထွန်းအောင် က စီမံချက်အားရှင်းလင်းပြောကြားခဲ့ပြီး လျာထားစီမံကိန်းအနှစ်ချုပ် မရှိမဖြစ် လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှု လက်လှမ်းမီ ရရှိရေး၏ထပ်ဆောင်းငွေကြေးစီမံကိန်းအကြောင်းကို ဒေါက်တာနန်းမိုခမ်းမှ ဆွေးနွေးတင်ပြခဲ့ရာ တက်ရောက်လာသူများမှ မေးမြန်းခြင်းသဖြင့် တာဝန်ရှိသူများ က ပြန်လည်ဖြေကြားခြင်းများဆောင်ရွက်ခဲ့ကြသည်။
ကမ္ဘာ့ဘဏ်မှ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးမှု အဖွဲ့အစည်း၏ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀ဝနှင့် ကမ္ဘာလုံး ဆိုင်ရာ ငွေကြေးထောက်ပံ့ခြင်း အဖွဲ့အစည်းမှ ပံ့ပိုးချေးငွေ အမေရိကန်ဒေါ်လာ ၁၀သန်း၊ စုစုပေါင်း ဒေါ်လာ သန်း ၁၁၀ အား ဧရာဝတီတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှ မြို့နယ်(၁၉) မြို့နယ်ရှိ ကျေးလက် ကျန်းမာရေးဌာနများ နှင့် ဌာနခွဲများ၊ တိုက်နယ်ဆေးရုံနှင့် မြို့နယ်ဆေးရုံများအား အကြီးစား၊အလတ်စား၊ပြင်ဆင်မွန်းမံမှုများနှင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ရည်မှန်းချက်များကို ဦးတည်ချက်ထား၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံ၊ မော်လမြိုင်ကျွန်း၊ ကျောင်းကုန်း၊ ဒေးဒရဲ၊ လပ္ပတ္တာမြို့နယ်တို့ရှိ စီမံချက်ပါလုပ်ငန်း များအား (၄)နှစ်တာ ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
တိုးဝေဇင်(ပုသိမ်)


