ဟားခါး ၂၄   အောက်တိုဘာ  

 

ချင်းပြည်နယ်အစိုးရအဖွဲ့၊ ချင်းပြည်နယ် e-Government အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီ ၏ဉီးဆောင်မှုဖြင့် အခြေခံကွန်ပျူတာသင်တန်း (၁/၂၀၁၉) ဖွင့်ပွဲအခမ်း အနားကို အောက်တိုဘာ ၂၄ ရက် နံနက် ၉ နာရီက ဟားခါးမြို့ အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်း အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ၊ ချင်းပြည်နယ် e-Government ဉီးဆောင် ကော်မတီအတွင်းရေးမှူး ဉီးတိုးဝင်းက ကွန်ပျူတာဖြင့် ရုံးလုပ်ငန်းများ လွယ်ကူ လျင်မြန်စွာ ဆောင်ရွက်တတ်စေ ရန်နှင့် e-Governmentစနစ်များအကောင်အထည်ဖော်ရာတွင် အောင်မြင်စေရန်အတွက် ချင်းပြည်နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအတွက် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ၊ e-Governmentသည် အစိုးရလုပ်ငန်းစဉ်များအား အစိုးရအဖွဲ့ရ အဖွဲ့အစည်းများ၊ နိုင်ငံသားများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဆက်ဆံ ဆောင်ရွက်သည့်အခါ လွယ်ကူလျင်မြန်စေရန် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ(ICT)ကို အသုံးပြုပြီး အစိုးရ၏လုပ်ငန်းများ ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုအဖြစ် ထိရောက်စွာ အကျိုးရှိရှိအသွင်ပြောင်းလဲခြင်းဖြစ်ကြောင်း၊

 

 e-Government ၏ ရည်မှန်းချက်ပန်းတိုင်သို့ အောင်မြင်စွာရောက်ရှိနိုင်ရန် နိုင်ငံသားများအား Online Service  များပိုမိုဝန်ဆောင်မှုပေးချင်းသည်အရေးပါသည့် အချက်ဖြစ်ကြောင်း၊ ဉပမာ  e-Ticket, e-Passport,e-Custom,e-Visa,e-Reservation,e-Taxation တို့ဖြစ်ကြောင်း၊  e- Service  ၏အကျိုးကျေးဇူးများ ကတော့အသုံးပြုသူတွေအတွက် ပိုမိုဝန်ဆောင်ပေးနိုင်ခြင်း၊ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ခြင်း၊ အသုံးပြု သူအခြေပြု ဝန်ဆောင်မှုများ ပိုမိုများပြားလာပြီး ပိုမို အသုံးပြုလာနိုင်မည်ဖြစ်ကြောင်း၊ အဖွဲ့အစည်း၊ ကုမ္ပဏီ၏ Image ပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်း၊ အပြိုင်အဆိုင်ဆောင်ရွက်မှုများမှ အကျိုးကျေးဇူးများလာမည် ဖြစ်ကြောင်း အမှာစကား ပြောကြားပြီးနောက် သင်ရိုးစာအုပ်နှင့်သင်တန်းစရိတ်ထောက်ပံ့ငွေများအား အစိုးရ စက်မှုလက်မှုသိပ္ပံ(ဟားခါး)ကျောင်းအုပ်ကြီး ဒေါက်တာဆလိုင်းတလွန်ဇထန်းထံပေးအပ်သည်။

 

အဆိုပါ သင်တန်းကို တစ်ကြိမ်လျှင်သင်တန်းသား၊သင်တန်းသူ (၃၅)ဉီးနှုန်းဖြင့် ရက်သတ္တ (၂)ပတ်ကြာ သင်တန်း ဖွင့်လှစ်သွားမည်ဖြစ်ကာယခုနှစ်မှ၂၀၂၁ခုနှစ်အထိ အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ဆက်လက် ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

 

ကျော်စွာ(ပြန်/ဆက်)