ပေါက် အောက်တိုဘာ ၂၄
ပေါက်မြို့နယ် မီးသတ်ဦးစီးဌာနမှ ကျောင်းအခြေပြု မီးဘေး၊ ငလျင်ဘေး စသည့် သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့်အတူ လက်တွေ့သရုပ်ပြ သလေ့ကျင့်ခြင်းကို မုန်ကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ အောက်တိုဘာ၂၃ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဟိန်းသူက မီးဘေး၊ ငလျင်ဘေး စသည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာများ၊ ရှာဖွေကယ်ဆယ်ရေး နှင့် ပြည်သူ့အကျိုး ပြုလုပ်ငန်းများ၊ ရုတ်တရက် မီးဘေးနှင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက လက်တွေ့လုပ်ကိုင် ဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေး ဟောပြောသည်။
ယင်းနောက် မီးသတ်ဦးစီးဌာနမှ ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူး နှင့်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူး ကိုင်သွယ်အသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ ဂက်(စ်)အိုးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်း နှင့် သဘာဝ ဘေးအန္တရာယ်ကြောင့် အဆောက်အဦ ပြိုကျ၍ ပိတ်မိနေသူများအား ကယ်ထုတ်ခြင်း အစရှိသည့် နည်းလမ်းများကို လက်တွေ့သရုပ်ပြသသည်။
အဆိုပါ အခမ်းအနားသို့ ဆရာ၊ ဆရာမများ ၊ ကျောင်းသား ကျောင်းသူများနှင့် ကျေးရွာနေ ပြည်သူများ တက်ရောက်ပြီး လက်တွေ့ပါဝင်သရုပ်ပြသ လေ့ကျင့်ခဲ့ကြောင်း သိရသည်။
ဉာဏ်တိုး(ပေါက်)


