ပွင့်ဖြူ ၂၄ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် လယ်မကျေးရွာနှင့် ကျွဲခြံကျေးရွာရှိ ဒေသခံတောင်သူများ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ လျှပ်စစ်မြစ်ရေတင် စနစ်ဖြင့် စိုက်ပျိုးရေ ဖြန့်ဝေဆောင်ရွက် ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ဦးစီးအရာရှိ ဦးစည်သူဖြိုးဝင်းထံမှ သိရသည်။
အဆိုပါ လယ်မကျေးရွာနှင့် ကျွဲခြံကျေးရွာရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြသည့်ကျေးရွာများဖြစ်သည်။
ယခုနှစ်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်း အမြစ်)မှ တောင်သူများ သီးနှံဝင်ငွေ ပိုမိုရရှိစေရန်နှင့် သီးနှံထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ရည်ရွယ်၍ လျှပ်စစ်မြစ်ရေတင်စနစ်ဖြင့် စိုက်ပျိုးရေ အပြည့်အဝ ပေးဝေသွားနိုင်ရေး စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရန် ကနဉီး မြေပြင် ကွင်းဆင်း စစ်ဆေးခြင်းကို ယခုလ ၁၉ ရက်နေ့က မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး ၊ တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်)မှ တိုင်းဒေသကြီးဦးစီးမှူး ဦးသန့်ချို ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်း ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းနှင့် တာဝန်ရှိသူများ အဖွဲ့က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)က ပွင့်ဖြူမြို့နယ် လယ်မ ကျေးရွာနဲ့ ကျွဲခြံကျေးရွာရှိ ကွင်းအမှတ် (၇၃၁) စပါးစိုက် လယ်မြေများအတွက် တောင်သူများ စိုက်ပျိုးရေအပြည့်အဝ ရရှိစေရန်အတွက် လျှပ်စစ် မြစ်ရေတင်စနစ်နဲ့ စိုက်ပျိုးရေဖြန့်ဝေပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ လျှပ်စစ်မြစ်ရေတင် စနစ်နဲ့ စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်ပေးဖို့အတွက် ဒေသခံတောင်သူတွေကလည်း တင်ပြ တောင်းဆိုထားပါတယ်။ လျှပ်စစ်မြစ် ရေတင်စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက် ပေးနိုင်မယ်ဆိုရင် ဒီကျေးရွာတွေရှိ လယ်မြေဧက ၅၀ဝ ကျော်ကို အကျိုးပြုပေးနိုင်မှာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ စီမံကိန်းလုပ်ငန်းအတွက် တောင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးလို့ ပြီးသွားပါပြီ။ စီမံကိန်းလုပ်ငန်း ဆောင်ရွက်ဖို့အတွက် တိုင်းဒေသကြီးဦးစီးမှူးရုံးရဲ့ လမ်းညွှန်အတည် ပြုချက်ရတာနဲ့ မြေပြင်ကွင်းဆင်းပြီး အသေးစိတ်တိုင်းတာခြင်းလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ဦးစီးအရာရှိ ဦးစည်သူဖြိုးဝင်းက ပြောပြသည်။
ရဲဝင်းနိုင် (ညောင်ဦး)


