မြိတ် ၂၄ အောက်တိုဘာ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် ခြေလက်အင်္ဂါ ချွတ်ယွင်းပြီး ခြေတုတပ်ဆင်ထားကြသူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘားအံ ခြေတုလက်တု ဆိုင်ရာ ပြန်လည်သန် စွမ်းရေးဌာနမှ ယနေ့ နံနက်(၈)နာရီမှ(၁၂)နာရီအထိ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတွင် ခြေတုလက်တုများဆိုင်ရာ အသေးစားပြုပြင်ရေး လုပ်ငန်းများကို လာရောက်ဆောင်ရွက်ပေးခဲ့သည်။
“ ကျွန်တော်တို့ဌာနမှာ ခြေတုလက်တု လာလုပ်ထားတဲ့သူတွေကို တစ်နှစ်တစ်ကြိမ်ကွင်းဆင်း၍ ခြေတု ရှိ ခါးပတ်မကောင်းတာ ဖဝါးတွေမကောင်းတာကို အသစ်ပြန်လဲပေးပါတယ်။ ကြီးမာပြီး ဖြစ်တဲ့ဟာတွေ လုံးဝသုံး လို့မရတဲ့ဟာတွေကို ရက်ချိန်းပေးပြီး ဌာနမှာပြန်လုပ်ပေးပါတယ်။ ဘယ်လိုအကြောင်း အမျိုးမျိုးကြောင့်ဖြစ်ဖြစ် ခြေထောက်တွေရှုံးဆုံးသွားလျှင် ကျွန်တော်တို့ဌာနနှင့် ဆက်သွယ်ပါ။ မြို့နယ်တိုင်းမှာ ကြက်ခြေနီအသင်းခွဲတွေ ရှိပါတယ်။ အဲဒီကနေဆက်သွယ်ပြီး ခြေတုလက်တုတွေ မည်သူမဆို လာရောက်တပ်ဆင်လို့ရပါတယ် ” ဟု ဘားအံခြေတု လက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနမှ ကွင်းဆင်းတာဝန်ခံအရာရှိ ဦးဇော်ဇော်က ပြောသည်။
ခြေတုလက်တုများဆိုင်ရာ အသေးစားပြုပြင်ဆောင်ရွက်ရေးလုပ်ငန်းများကို ဘားအံခြေတု လက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနမှ ကွင်းဆင်းတာဝန်ခံအရာရှိ ဦးဇော်ဇော် ပါ(၇)ဦးမှ ခြေတုတပ်ဆင်ထားသူများ အား အသေးစားပြုပြင်ဆောင်ရွက်ပေးခဲ့ကြသည်။ မြိတ်မြို့နယ်၌ ဘားအံ ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေး ဌာနမှ ခြေတုလက်တု တပ်ဆင်ပေးထားသူ (၁၅၀)ခန့်ရှိပြီး ယနေ့တွင် ခြေတုလာရောက်ပြုပြင်သူ(၅၄)ဦး၊ လက်တု လာရောက်ပြုပြင်သူ (၃)ဦးရှိကာ ယမန်နေ့တို့တွင် တနင်္သာရီနှင့်ပုလောမြို့နယ်တို့၌ (၂၇)ဦးစီ အသေးစားပြုပြင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခြေတုအသစ်တပ်ဆင်မည့်သူများကို ရက်ချိန်းပေး၍ ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည် သန်စွမ်းရေးဌာနသို့ အသွားအပြန်ခရီးစရိတ်ပေးမည်ဖြစ်ပြီး နေထိုင်ရန်စီစဉ်ပေး၍ ခြေတုတပ်ဆင် ပြီးပါက သေချာ စနစ်တကျ လျှောက်လို့ရသည်အထိ ဆောင်ရွက်ပေးခြင်းဖြစ်ကာ ဝန်ဆောင်မှု အားလုံးမှာ အခမဲ့ဖြစ်ကြောင်း ဘားအံ ခြေတု လက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနမှ သိရသည်။
ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနမှ စီမံချက်ဧရိယာ(၅)ခု (ကရင်ပြည်နယ် ၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး)တို့ ဆောင်ရွက် လျက်ရှိပြီး တနင်္သာရီ တိုင်းဒေသကြီး၌ (၁၀)မြို့နယ် ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် ဒေသခံကြက်ခြေနီတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက် ပေးကြကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


