မာန်အောင်  ၂၄   အောက်တိုဘာ

 

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီက မူလတန်း(အဆင့်) ကျောင်းသား/သူများ "ကဗျာရွတ် ဆိုပြိုင်ပွဲ" ကို ကျင်းပခဲ့ရာတွင်  မြို့နယ်ဦးစီးမှူး ဦးသိန်းထွန်းအောင် က  အခြေခံပညာမူလတန်း ကျောင်းများမှ မူလတန်း(အဆင့်) ဒုတိယတန်း/ တတိယတန်း/စတုတ္ထတန်း တက်ရောက်နေသော ကျောင်းသား/သူများ စာဖတ်စွမ်းရည် မြင့်မားလာစေရန်/ စာအုပ်စာပေနှင့် ကဗျာများကို တန်ဖိုးထား ချစ်မြတ်နိုးတတ်လာစေရန် ရည်ရွယ်၍ ကဗျာရွတ်ဆိုပြိုင်ပွဲ စီစဉ်ကျင်း‌ပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

1

 

ထို့နောက် ကဗျာဆရာကြီး မင်းသုဝဏ်၏" ကစားဖော် ကြယ်ကလေး " ကဗျာဖြင့် "ကဗျာရွတ်ဆိုပြိုင်ပွဲ"ကို စတင်ရာ ကျောင်းသား(၃)ဦး/ ကျောင်း သူ(၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုအား မဆုမြတ်မိုး/ ဒုတိယဆုအား  မချစ်မွန်/ တတိယဆုအား မခင်သူဇော်/ နှစ်သိမ့်ဆု အား မောင်ဇော်ထက်နိုင်နှင့် မောင်သန့်ထူးအောင် တို့က အသီးသီး ရရှိခဲ့ကြသည်။

 

ဆက်လက်၍ အကဲဖြတ်ဒိုင် ဆရာမဒေါ်တင်ရီ က မူလတန်း(အဆင့်) ကဗျာရွတ်ဆိုပြိုင်ပွဲဝင်  ကျောင်းသား/သူများ၏ အမှတ်ပေးစည်းမျဉ်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ဆုရရှိ သော ကျောင်းသား/သူများအား  မြို့နယ်ဦးစီးမှူး ဦးသိန်းထွန်းအောင်/ အကဲဖြတ်ဒိုင် ဆရာမဒေါ်တင်ရီနှင့် ဆရာမဒေါ်မေသန်းကြည် တို့က ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေများကို ချီးမြှင့်ပေးခဲ့ကြသည်။ အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲသို့ ဆရာမများ/ ကျောင်းသား/သူများနှင့် မိဘများ(၂၅)ဦးခန့် တက်ရောက်ခဲ့ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသ/ တိုင်းရင်းသားပုံပြင်(ကလေးစာပေ) စာအုပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

 

MDN