နေပြည်တော် ၂၄ အောက်တိုဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည် ထူထောင်ရေးဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉) ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြန်လည် ထူထောင်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်(၁၀)ရပ်ကို ချမှတ်ထားပြီး အဆိုပါလုပ်ငန်းများတွင် ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ ဘေးဒဏ်ခံပြည်သူများ၊ အမျိုးသမီးများ၊ ရွှေ့ပြောင်းလုပ်သားများ၊ လူကုန်ကူးခံရသူများ၊ မူးယစ်ဆေးဖြတ်ပြီးသူများ၏ ဘဝရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိနိုင်ရန် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းသည် လဲနေသူကိုထူမပေးပြီး ဆက်လက်ရပ်တည်နိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ပေးရမည်ဖြစ်၍ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဝင်းနိုင်ထွန်း နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လုပ်ငန်းပိုင်းဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။
(သတင်းစဉ်)


