မန္တလေး  ၂၄   အောက်တိုဘာ 

မန္တလေးခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် မိုဘိုင်းဖုန်းများ မြန်မာယူနီကုဒ်စနစ် ပြောင်းလဲရေး နည်းပညာဝန်ဆောင်မှု အခမဲ့ ဆောင်ရွက်ပေးခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီ က မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ တွင် ကျင်းပပြုလုပ်သည်။

ထို့သို့ဆောင်ရွက် E-lite(MPT) မှ Project Assistant ကိုဝေနိုင်ဖြိုး က ပြည်သူများ လက်ရှိအသုံးပြုနေ သော လက်ကိုင်ဖုန်းများ၏ စာရိုက်စနစ်အား ယနေ့နိုင်ငံတစ်ဝန်း၌ စတင်အသုံးပြုနေပြီးဖြစ်သည့် ယူနီကုဒ်စနစ်အား ပြောင်းလဲအသုံးပြုနိုင်ရေး ဖုန်းအမျိုးအစားအလိုက် ပြောင်းလဲပေးခြင်း၊အသုံးပြုရမည့် Application များ ထည့်သွင်းပေးခြင်း၊ အသုံးပြုနည်းများအား ပြသသင်ကြားပေးခြင်း ဆောင်ရွက်ပေးခဲ့ရာ တက်ရောက်လာသူများက မြန်မာယူနီကုဒ်စနစ်ပြောင်းလဲခြင်းနှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းခဲ့ကြသည်။

ထို့နောက် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက မြန်မာယူနီကုဒ်စနစ်၏ အားသာချက်များနှင့် အသုံးဝင်မှုများအား ရှင်းလင်းပြောကြားခဲ့သည်။

သန်းဇော်မင်း(ပြန်/ဆက်)