မန္တလေး  ၂၄   အောက်တိုဘာ 

မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားများတွင် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ကွယ်စေရန်အတွက် ထားရှိသည့် သနပ်ခါးနှင့် ကျောက်ပြင်များအား နိုင်ငံတကာခရီးသွားများ စိတ်ဝင်တစား ဝင်ရောက်လေ့လာ ကြည့်ရှု၍ နှစ်သက်စွာ လိမ်းခြယ်လျက်ရှိကြောင်း သိရသည်။

 

ေ

 

ပြည်တွင်းထွက်ကုန် သနပ်ခါးအား မြန်မာလူမျိုးများ ရိုးရာအမွေအနှစ်အဖြစ် တန်ဖိုးထားလိမ်းခြယ်နိုင်စေရန်နှင့် မြန်မာ့သနပ်ခါး အရည်အသွေးကို ကမ္ဘာကသိရှိစေရန် ရည်ရွယ်၍ ယနေ့ခေတ် အချိန်အခါတွင် ဘုရားဖူးများ အဓိကအများဆုံး လာရောက်လေ့လာဖူးမြော်ကြသည့် ရှေးဟောင်းတန်ခိုးကြီးဘုရားများတွင် သနပ်ခါးနှင့် ကျောက်ပြင်ကို ထားရှိပေးထားရာ ပြည်တွင်းဘုရားဖူးများသာမက ပြည်ပခရီးသွားများပါ ဝင်ရောက်လိမ်းခြယ်ကာ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးလျက်ရှိသည်။

 

ေ

 

''မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုဓလေ့အဖြစ် လိမ်းခြယ်ကြတဲ့ သနပ်ခါးက ရနံ့လေးကလည်းမွှေးပြီး အသားရည်ကို အေးမြတဲ့ ခံစားမှုကိုရရှိတယ်။ ဒီသနပ်ခါးလိမ်းတဲ့ ယဉ်ကျေးမှုဓလေ့ကို မြန်မာနိုင်ငံတစ်ခုတည်းမှာပဲ တွေ့ရှိရတဲ့အတွက် ဒီခရီးစဉ်မှာ မတူကွဲပြားတဲ့ ရိုးရာယဉ်ကျေးမှုဓလေ့ပုံစံတွေကို အကောင်းဆုံးမှတ်တမ်းတင်နိုင်ခဲ့တယ်။ မန္တလေးမြို့ရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေထဲမှာ ဒီသနပ်ခါးလိမ်းခြယ်တဲ့ ဓလေ့ပုံစံတစ်ခုကလည်း နိုင်ငံတကာခရီးသွားတွေကို ဆွဲဆောင်နေပါတယ်'' ဟု မန္တလေးမြို့ ကျောက်တော်ကြီးဘုရားသို့ ဝင်ရောက်လေ့လာခဲ့သည့် ပြင်သစ်နိုင်ငံသား ပေါလ်က ပြောသည်။

လက်ရှိအချိန်တွင် မန္တလေးမြို့သို့ နိုင်ငံတကာခရီးသွားများ ဝင်ရောက်မှု ပိုမိုတိုးတက်စေရန်အတွက် ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနနှင့်အတူ ခရီးသွားလုပ်ငန်းတွင် ပါဝင်ပတ်သက်သူအားလုံးမှ ခရီးစဉ်ဒေသသစ်များနှင့် ခရီးသွားအမျိုးအစား စုံလင်စွာ ဖော်ထုတ်ခြင်း၊ ခရီးစဉ်ဒေသနှင့် နိုင်ငံတကာ ခရီးသွားများ တိုက်ရိုက်ချိတ်မှုရရှိစေရန် Digital marketing စနစ်ဖြင့် ဆောင်ရွက်ခြင်းများအပြင် ရိုးရာပွဲတော်များ၊ ရိုးရာအစားအစာများနှင့် ရိုးရာဓလေ့အသုံးအဆောင်များဖြင့်လည်း ဆွဲဆောင်နိုင်စေရန် ပြပွဲများကျင်းပ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)