နေပြည်တော် ၂၄   အောက်တိုဘာ 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်နှင့် မြန်မာနိုင်ငံ နားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့ မှ USAID နှင့် FHI 360 တို့၏ ကူညီပံ့ပိုးမှုဖြင့် ဆောင်ရွက်သည့် မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရအသုံးအနှုန်းများ လက်စွဲလမ်းညွှန်စာအုပ် မိတ်ဆက်ဖြန့်ချိမှုအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည်။

 

a

 

အခမ်းအနားတွင်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ဤစာအုပ် ပြုစုထုတ်ဝေရခြင်း၏ ရည်ရွယ်ချက် မှာ နိုင်ငံအတွင်းရှိ ဝန်ကြီးဌာနများနှင့် အစိုးရဌာနဆိုင်ရာများ၊ ပြည်တွင်းပြည်ပ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၏ မသန်စွမ်းသူများအပေါ် ခေါ်ဝေါ် သုံးစွဲမှုများ နည်းလမ်းတကျဖြစ်စေခြင်းဖြင့် မသန်စွမ်းသူများ၏ မွေးရာပါ ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ပေးရန် ဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့် မသန်စွမ်းမှုဆိုင်ရာ သုံးနှုန်းသင့်သည့် ဝေါဟာရအသုံးအနှုန်းများကို နိုင်ငံအတွင်းရှိ ဝန်ကြီးဌာနများနှင့် အစိုးရ ဌာနဆိုင်ရာများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အနုပညာဖန်တီး ထုတ်လုပ်သည့် အဖွဲ့အစည်းများ၊ သတင်းစာနယ်ဇင်းနှင့် ရုပ်သံမီဒီယာများမှ လိုက်နာကျင့်သုံးလာကြစေရန် မျှော်မှန်းပါကြောင်း၊ ယခုမိတ်ဆက်ဖြန့်ချိသည့် မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရအသုံးအနှုန်းများ၊ လက်စွဲလမ်းညွှန်စာအုပ်က တစ်စိတ်တစ်ပိုင်း အထောက်အကူပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

ထို့နောက် FHI 360 မှ Ms. Choo Phuah က မုဒိတာစကားပြောကြားပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသိန်းလွင်က ကျေးဇူးတင်စကား ပြောကြား၍ မြန်မာနိုင်ငံ နားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အစီအစဉ်ဒါရိုက်တာ ဦးကျော်ကျော်က မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရအသုံးအနှုန်း လက်စွဲလမ်းညွှန်စာအုပ် ပြီးမြောက်အောင် ဆောင်ရွက်ခဲ့မှုလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

မြန်မာနိုင်ငံ နားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အစီအစဉ်ဒါရိုက်တာ ဦးကျော်ကျော်က မီဒီယာအချို့တွင် ဖော်ပြခဲ့သည့်၊ သုံးနှုန်းခဲ့သည့် အသုံးအနှုန်းများအစား ဆွံ့အနားမကြားသူကို နားမကြား၊ အကြားအာရုံမသန်စွမ်းသူ ဟုလည်းကောင်း၊ ဉာဏ်ရည်မမီသူကို ဉာဏ်ရည်မသန်စွမ်းသူ၊ သင်ယူမှုခက်ခဲသူ ဟုလည်းကောင်း ထော့ကျိုးနေသူကို ကိုယ်အင်္ဂါမသန်စွမ်းသူဟုလည်းကောင်း၊ မသန်မစွမ်းသူနှင့် ပိုလီယိုရောဂါသည်ကို မသန်စွမ်း/ မသန်စွမ်းသူ ဟုလည်းကောင်း၊ မမြင်မကန်းသူကို မျက်မမြင်၊ အမြင်အာရုံ မသန်စွမ်းသူ ဟုလည်းကောင်း သုံးနှုန်းခေါ်ဝေါ်စေလိုကြောင်း ရှင်းလင်းပြောကြားသည်။

သတင်း - ရီရီမြင့်၊ ဓာတ်ပုံ-ရဲထွဋ်