နေပြည်တော်  ၂၄  အောက်တိုဘာ 

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီတွင် အောက်တိုဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့သည့် ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့တို့၏ နှစ်ပတ်လည် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် တက်ရောက်ခဲ့သည်။

 

a

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီတွင်  ကမ္ဘာ့ဘဏ်၌ ကျင်းပ သည့် အရှေ့တောင်အာရှ မဲပေးအုပ်စု ဂါဗာနာများ အစည်းအဝေး (The Joint Governors’ Meeting of the WBG-IMF Southeast Asia Voting Group)သို့ တက်ရောက်သည်။ 

အစည်းအဝေးတွင် အရှေ့တောင်အာရှမဲပေးအုပ်စု၏ ကမ္ဘာ့ဘဏ်မှ အမှုဆောင် ဒါရိုက်တာ Ms. KulayaTentitemit နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ Ms. Alisara Mahasandana တို့က မူဝါဒရေးရာများ၊ လုပ်ငန်း အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်း၍ တိုးတက်မှုများ၊ ကမ္ဘာ့ဘဏ်၏ Equitable Growth, Finance and Institutions မှ Vice President Ms. Ceyla Pazarbasioglu နှင့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၏ Monetary and Capital Markets Department မှ Financial Counsellor နှင့် Director Mr. Tobias Adrian တို့က "Digital Economy: What Has Changed?" နှင့်စပ်လျဉ်းသည့် အကြောင်းအရာများကို တင်ပြကြပြီး ဂါဗာနာများ က အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။ 

၂၀၁၉ ခုနှစ် ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့၏ နှစ်ပတ် လည်အစည်းအဝေး (WBG-IMF Annual Meetings Plenary) ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းတွင် DAR Constitution Hall ၌ ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ တက်ရောက်သည်။ 

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌသည် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ Asia - Pacific Department မှ ညွှန်ကြားရေးမှူး Mr. Changyong Rhee နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို ဆွေးနွေးသည်။

ယင်းနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌသည် IMF's Executive Board Room ၌ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများ၏ တံခါးပိတ်အစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှူး Ms. Kristalina Georgieva က အဖွင့်အမှာစကားပြောကြားပြီး Asia - Pacific Department မှ ညွှန်ကြားရေးမှူး Mr. Changyong Rhee က အာဆီယံဒေသတွင်း နိုင်ငံများ၏ စီးပွားရေး တိုးတက်မှုအခြေအနေ နှင့်စပ်လျဉ်းသည့် အကြောင်းအရာများကို တင်ပြရာ အာဆီယံဘဏ္ဍာ ရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများက ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုများနှင့် ရင်ဆိုင်တွေ့ကြုံနေရသည့် စိန်ခေါ်မှုများနှင့်စပ်လျဉ်း၍ အဓိကထား ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌသည် ထိုင်းနိုင်ငံ ဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Veerathai Santiprabhob နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ငွေရေးကြေးရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ထိုင်းနိုင်ငံဗဟိုဘဏ် တို့အကြား နိုင်ငံဖြတ်ကျော် ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများတွင် မြန်မာကျပ်ငွေနှင့် ထိုင်းဘတ်ငွေ အသုံးပြုမှုတိုးမြှင့်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် ငွေရေးကြေးရေးဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် ငွေပေးချေမှုစနစ်များ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာတို့ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုးလဲလှယ်ကြသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌသည် အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းတွင် IMF HQ2 ConferenceHall 1 ၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာငွေကြေးနှင့် ငွေရေးကြေးရေးကော်မတီ၏ မျက်နှာစုံညီအစည်းအဝေး (International Monetary and Financial Committee Meeting Plenary)သို့ တက်ရောက်သည်။ 

မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌသည် အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့ အရှေ့တောင်အာရှမဲပေးအုပ်စု၏ အမှုဆောင်ဒါရိုက်တာ Ms. Alisara Mahasandana နှင့် IMF HQ1-13-700 တွင် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှ မြန်မာနိုင်ငံသို့ အောက်တိုဘာ ၂၂ ရက်တွင် ပြန်လည်ရောက်ရှိခဲ့သည်။

(သတင်းစဉ်)