နေပြည်တော်  ၂၄   အောက်တိုဘာ

 

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်သည် ယနေ့နံနက် ၁၀နာရီတွင်  ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားပြိုင်ဝင်း မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသော ၂၀၁၉ ခုနှစ် 10th Japan Cup ကရာတေးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲသို့ တက်ရောက်သည်။

 

1

 

ဗိုလ်လုပွဲ၌ “ခတ”နှင့် “ကုမိတဲ့” အသက်(၁၀)နှစ်အောက်ပြိုင်ပွဲ၊ အသက်(၁၂)နှစ် အောက်ပြိုင်ပွဲ၊ အသက်(၁၄)နှစ်အောက်နှင့် Cade  ၊ Junior  နှင့် Senior အတန်းဗိုလ်လုပွဲများ ကျင်းပခဲ့ပြီး  အတန်း အသီးသီး၌ ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဆုရရှိကြသူများနှင့်  အတန်းအလိုက် အကောင်းဆုံးအားကစား သမားဆုရသူများကို မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများနှင့် အမှုဆောင်များ၊ Yangon Japanese Association  ၊ JCCN နှင့်   MARUYAMA   Ambassador   Of  Embassy of Japan  တို့မှ တာဝန်ရှိသူများက ဆုများပေးအပ်ကြသည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိချီရိုမာရူယားမားနှင့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်တို့က ၂၀၁၉ ခုနှစ် 10th Japan Cup ကရာတေးပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက်ဒိုင်း  ဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာန အသင်းကို တံခွန်စိုက် ဆုဖလားပေးအပ်သည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ အမျိုးသားရေကူးကန် အားကစား လေ့ကျင့်ရေးစခန်း အဆင့်မြင့်တင်ဆောင်ရွက်နေမှု၊ ရေကူးကန်ပတ်ဝန်းကျင် သာယာလှပရေးနှင့် လုံခြုံရေး ကိစ္စရပ်များ၊ အားကစားသမားများ သက်တောင့်သက်သာလေ့ကျင့်နိုင်ရေးအတွက် အသစ်ပြင်ဆင်ထားမှုများ၊ အများပြည်သူများနှင့် အားကစားသမားများ လေ့ကျင့်နိုင်ရန် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပြန်လည် ဖြည့်ဆည်း တပ်ဆင်ပေးထားသည့် Fitness နှင့် GYM    လေ့ကျင့်ရေးပစ္စည်းတပ်ဆင်ထားမှုကို  ကြည့်ရှုစစ်ဆေးပြီး မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် လေ့ကျင့်ရေးခန်းမတွင် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲအတွက် ဂျူဒိုလက်ရွေးစင် အားကစားသမားများ၊ နည်းပြများနှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ အားပေး စကားပြောကြားသည်။

 

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနရုံး ကျိုက္ကဆံကွင်း အစည်းအဝေးခန်းမ၌ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း (၆)ကျောင်းမှ  အားကစားလေ့ကျင့်ရေးတာဝန်ခံများ၏ အရည်အချင်းစစ်တွေ့ဆုံ ဆွေးနွေးပွဲသို့တက်ရောက်၍ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများမှ အရည်အချင်းပြည့်ဝသော အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက်  လေ့ကျင့်ရေးနည်းစနစ်သစ်များဖြင့် ဆောင်ရွက်သွားရေးကို ရှင်းလင်းဆွေးနွေးသည်။

 

1

 

ယင်းနောက် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာ၊ လွိုင်ကော်) ကျောင်းများမှ လေ့ကျင့်ရေးတာဝန်ရှိသူများ၊ ဆေးဘက်ဆိုင်ရာများနှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

(သတင်းစဉ်)