နေပြည်တော် ၂၄ အောက်တိုဘာ
(၈၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့ညီလာခံ (88th INTERPOL Conference) ကို အောက်တိုဘာ ၁၅ ရက်မှ ၁၉ ရက်အထိ ချီလီနိုင်ငံ၊ ဆန်တီယာဂိုမြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
88th INTERPOL Conference သို့ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၄ နိုင်ငံမှ ဝန်ကြီး၊ ဒုတိယဝန်ကြီး အဆင့်များ၊ ရဲချုပ်/ဒုတိယရဲချုပ်များနှင့် သက်ဆိုင်ရာနိုင်ငံအလိုက် ရဲအဖွဲ့အကြီးအကဲများ၊ ASEANAPOL, EUROPOL, AMERICAPOL နှင့် AFRIPOL တို့မှ အထွေထွေအတွင်းရေးမှူးများ၊ INTERPOL အမှုဆောင် ကော်မတီ ဥက္ကဌနှင့် အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတကာအသိ အမှတ်ပြု လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ နည်းပညာတီထွင်ထုတ်လုပ်သည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါညီလာခံတွင် ကမ္ဘာတစ်ဝန်း ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ကြီးမားသည့် မှုခင်းပြဿနာများအပေါ် သုံးသပ်ခြင်း၊ ၂၀၂၀ ခုနှစ်တွင် ဖြစ်ပေါ်လာနိုင်သော မှုခင်းပုံစံများ၊ မျှော်မှန်းချက်များနှင့် ရဲအဖွဲ့များက တရားဥပဒေစိုးမိုးရေး ထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် စွမ်းဆောင်ရည် မြင့်တင်ရေးဆိုင်ရာ ကဏ္ဍများကို ပညာရှင်များက သုံးသပ်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
၎င်းတို့၏ ရှင်းလင်းတင်ပြချက် များတွင် ၅ နှစ်တာကာလ သုတေသနပြု လေ့လာတွေ့ရှိ ချက်များအရ ကမ္ဘာတစ်ဝန်း ပုံစံ အမျိုးမျိုးဖြင့် ဖြစ်ပေါ်နေသော မှုခင်း ပြဿနာကြီးများသည် နည်းပညာတိုးတက်မှု နှင့်အတူ ယှဉ်တွဲပေါ်ပေါက် လာခဲ့ကြောင်း၊ ခေတ်နှင့် အညီ နည်းပညာတိုးတက် ဖြစ်ပေါ်မှုများကို မည်သည့်နိုင်ငံ၊ မည်သည့် အဖွဲ့အစည်းကမျှ တားဆီး၍ မရနိုင်ကြောင်း၊ မှုခင်းပြဿနာများကို နိုင်ငံအတွင်း ကူးစက်ပြန့်ပွား ရောက်ရှိမှ ဖြေရှင်းခြင်းသည် ဆုံးရှုံးမှု ပိုများကြောင်း၊ မှုခင်းပြဿနာများအပေါ် ကြိုတင်မျှော်တွေးပြီး ဖြစ်လာမှ တုံ့ပြန်ခြင်းထက် မဖြစ်အောင် အခြေအနေကို ဖန်တီးယူသော Proactive Measure ကို ဆောင်ရွက်ရန် အကြံပြု၍ နိုင်ငံအချင်းချင်း ပူးပေါင်းသတင်း မျှဝေခြင်းကဏ္ဍသည် ပိုမို အရေးကြီး လာကြောင်း၊ နိုင်ငံအသီးသီး သည် ပြည်သူပူးပေါင်းပါဝင်သော ရဲလုပ်ငန်း(Community Policing) ကို အလေးထား အကောင်အထည် ဖော်လျက်ရှိခြင်းသည် ကောင်းမွန်ကြောင်း၊ ယနေ့ကာလတွင် ပိုမို တိုးမြှင့်ဖြစ်ပွားလာသော နည်းပညာဖြင့် ကျူးလွန်သည့် မှုခင်းများ၊ ဆိုက်ဘာနှင့် ဆိုက်ဘာ အကြမ်း ဖက်မှုတို့ကို Community Policing တစ်ခုတည်းဖြင့် ဆောင်ရွက်နိုင်စွမ်းမရှိတော့ကြောင်း၊ ရဲတပ်ဖွဲ့ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ Partnership ထူထောင်မှုတို့ဖြင့်သာ တိုက်ဖျက်နိုင်မည် ဖြစ်ကြောင်း၊ နည်းပညာကို ထိရောက်စွာ အသုံးချနိုင်သော နိုင်ငံအသီးသီးရှိ ရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်နှင့် စွမ်းဆောင်ရည် မြင့်မားရေးကိုလည်း အလေးထားဆောင်ရွက်သင့်ကြောင်း အကြံပြု တင်ပြချက်များအရ သိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်သည် 88th INTERPOL Conference တက်ရောက်စဉ်အတွင်း အင်တာပိုလ် အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ Mr. KIM Jong Yang နှင့် အလွတ်သဘော တွေ့ဆုံ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စွမ်းရည်မြှင့်တင်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးတို့တွင် အင်တာပိုလ်မှ ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
ထို့အပြင် သြစတြေးလျ နိုင်ငံ အမျိုးသား ရဲအဖွဲ့အကြီးအကဲ Police Commissioner, Reece Kershaw နှင့် သီးခြား တွေ့ဆုံ၍ ယနေ့တိုင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် လက်လွှတ်၍ မရနိုင်သေးသည့် ခွေးဖြင့် မိုင်းရှာဖွေမှုနှင့် မူးယစ်ဆေးဝါးရှာဖွေမှုများအတွက် ဩစတြေးလျ၏ အကူအညီဖြင့် မြန်မာနိုင်ငံတွင် Canine အဆင့်မြင့် ခွေးသင်တန်းကျောင်းတစ်ခု မကြာမီကာလအတွင်း ထူထောင်ဖွင့်လှစ်ပေးရန် ဆွေးနွေး သဘောတူညီမှုရရှိခဲ့ပြီး မှုခင်းသတင်း အချက်အလက်များ (database) ထူထောင်ခြင်း၊ သတင်း အချက်အလက်ဖလှယ်ရေးတွင် နှစ်နိုင်ငံ ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးညှိနှိုင်းခဲ့သည်။
အလားတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်သည် တရုတ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ ရဲအဖွဲ့အကြီးအကဲများနှင့် အလွတ်သဘောတွေ့ဆုံ၍ ရဲတပ်ဖွဲ့အချင်းချင်း ပူးပေါင်း ဆောင်ရွက် မှု မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယား သမ္မတနိုင်ငံအမျိုးသားရဲအဖွဲ့ ရဲချုပ်၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၂၁ ရက်တွင် ကျရောက်သည့် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားရဲအဖွဲ့၏ (၇၄)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား နှင့် အာရှ-ပစိဖိတ်ဒေသ ရဲချုပ်များ ညီလာခံကို ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနား အစီအစဉ်သည် နိုင်ငံအသီးသီးမှ ရဲအဖွဲ့များအချင်းချင်း ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကိုရီးယားသမ္မတနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ် ခြင်းဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသတွင်း ၂၉ နိုင်ငံမှ ဒုတိယဝန်ကြီးများနှင့် ရဲချုပ်များ၊ ရဲအဖွဲ့အစည်းများမှ အကြီးအကဲများ ဦးဆောင်၍ ကိုယ်စားလှယ် ၁၅၀ဝ ခန့် တက်ရောက်ခဲ့ ကြသည်။
ဖွင့်ပွဲ အခမ်းအနားတွင် ကိုရီးယားသမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Lee Nak-yeon နှင့် National Police Commissioner, General Min Gab-Ryon တို့ တက်ရောက်အမှာစကားများ ပြောကြားခဲ့သည်။ အခမ်းအနား အပြီးတွင် ကိုရီးယားသမ္မတနိုင်ငံ၏ လုံခြုံရေးနှင့် ရဲတပ်ဖွဲ့ဆိုင်ရာ နည်းပညာပြပွဲကို တက်ရောက် လေ့လာ၍ အခမ်းအနား တက်ရောက်လာသော ဒုတိယဝန်ကြီးများနှင့် ရဲချုပ်များအား သီးခြားစီ အလုပ်သဘော တွေ့ဆုံဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်သည် အောက်တိုဘာ ၂၃ ရက်တွင် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားရဲအဖွဲ့ ရဲချုပ်နှင့် သီးခြားတွေ့ဆုံ၍ နှစ်နိုင်ငံ ရဲတပ်ဖွဲ့နှစ်ခုအကြား ဆိုက်ဘာမှုခင်း တိုက်ဖျက်ရေးကဏ္ဍ၊ မှုခင်းများအား နည်းပညာအသုံးပြု သိပ္ပံနည်းကျစုံစမ်းစစ်ဆေးရေးကဏ္ဍနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးကဏ္ဍတို့အတွက် သင်တန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာ အကူအညီရရှိရေးတို့နှင့် စပ်လျဉ်းသည့် နယ်ပယ် ၃ ရပ်တွင် မြန်မာ-ကိုရီးယား လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းခဲ့သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၃ ရက် ညပိုင်းတွင် ရန်ကုန်မြို့ သို့ ပြန်လည် ရောက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


