ရန်ကုန်တက္ကသိုလ်ကို အမိတက္ကသိုလ်ဟု တင်စားခေါ်ဝေါ်ကြလေ့ရှိ၏။ မြန်မာနိုင်ငံအတွင်းက တက္ကသိုလ်များအားလုံး၏ မူလရင်းအမြစ် မိခင်ကျောင်းကြီးအနေဖြင့် တင်စားကာ သုံးနှုန်းကြခြင်း ဖြစ်ပါသည်။ သည်မိခင်ကြီး၏ သက်တမ်းက မကြာမီကာလတွင် နှစ်တစ်ရာပင် ပြည့်တော့မည်။

 

ဗြိတိသျှကိုလိုနီအစိုးရက တက္ကသိုလ်အက်ဥပဒေရေးဆွဲပြီး ရန်ကုန် တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ်တွင် ဖွင့်လှစ်ပါသည်။ ငွေကြေး ကုံလုံကြွယ်ဝတတ်နိုင်သူ လူတန်းစာများသာအဆင့်မြင့် ပညာသင်ခွင့် ရမည်၊ ဗြိတိသျှအုပ်ချုပ်ရေးစနစ်ကို အထောက်အပံ့ပြု စေမည်ဆိုသည့် မျှော်မှန်းချက်များကို ဦးတည်ရေးဆွဲသည့် ဥပဒေဖြစ်သည့်အတွက် ဥပဒေအတည်မပြုခင်၊ ကျောင်းမဖွင့်ခင် ကောလိပ် ကျောင်းသားကြီးများ က ကန့်ကွက်ကြ၏။ မိဘပြည်သူတို့ကလည်း ကျောင်းသားတို့ကို ထောက်ခံ၏။ သည်လိုကြားကပင် ဥပဒေကို အနည်းငယ်မျှ ပြင်ဆင်သည်ဆိုရုံမျှ ပြင်ဆင်ကာ အတည်ပြုပြီး ရန်ကုန်တက္ကသိုလ်ကို ဖွင့်လှစ်ခဲ့၏။ ကျောင်းသားကြီးတို့နှင့် ပြည်သူတို့ ဖြစ်စေချင်သလို ဥပဒေအပြောင်းအလဲ မဖြစ်ခဲ့ရသော်လည်း အဆိုပါကောလိပ် ကျောင်းသားကြီးတို့၏ ဆန္ဒပြသပိတ်မှောက်ပွဲက ဗြိတိသျှနယ်ချဲ့ကို တုန်လှုပ်သွားစေသည့် တိုက်ပွဲတစ်ခု ဖြစ်ခဲ့သည်။ ထို့ပြင် ပြည်သူလူထုကြားတွင် အမျိုးသားလွတ်လပ်ရေး စိတ်ဓာတ်များ၊ နိုးကြားသွားစေသည့် လှုပ်ရှားမှုတစ်ခု အဖြစ် သမိုင်းတွင်ခဲ့လေသည်။

 

ရန်ကုန်တက္ကသိုလ်ဝင်းနှင့်အတူ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲက အရေးပါသည့် သမိုင်းမှတ်တမ်းဖြစ်ခဲ့သည်ဟု ဆိုရပါမည်။ ဤသမိုင်းမှတ်တမ်းနှင့် ရန်ကုန်တက္ကသိုလ်သည် အနှစ်တစ်ရာ သက်တမ်းပြည့်တော့မည်။ လူတစ်ဦးအနေဖြင့်မူ အနှစ်တစ်ရာသက်တမ်း ဆိုသည်မှာ အိုမင်းပြီ၊ စွမ်းအားများ ကျဆင်းလျော့နည်းလာပြီဟု ဖြစ်လေ့ရှိသော်လည်း ရန်ကုန်တက္ကသိုလ်က နုမျစ်နေဆဲ။ ပျိုနေဆဲ။

 

နိုင်ငံ၏ သမိုင်းအမွေအနှစ် ယဉ်ကျေးမှုအမွေအနှစ်၊ ရန်ကုန်၏ မြို့ပြအမွေအနှစ်အဖြစ် ထိန်းသိမ်းစရာများ၊ မေ့ပစ်ဖို့ မဖြစ် နိုင်အောင်ရှိခဲ့သော တန်ဖိုးများ၊ သဘာဝပတ်ဝန်းကျင် စိမ်းစိုပြီး လန်းဆန်မှုတို့ကအစ ရန်ကုန်တက္ကသိုလ်နှင့် ဝန်းကျင် တစ်ခုလုံးသည် မြတ်နိုးစရာများချည်းသာ။

 

ကျောင်းသားခေါင်းဆောင် အမျိုးသားခေါင်းဆောင် ကိုအောင်ဆန်း နေထိုင်ခဲ့သော ပဲခူးဆောင်၊ ပညာတတ်များ၊ စာရေးဆရာ၊ အနုပညာရှင်များ စတည်းချခဲ့သော အင်းယားဆောင်၊ သီရိဆောင် အစရှိသော ကျောင်းသားဆောင်များ၊ အင်းလျားကန်၊ သစ်ပုတ်ပင်၊ ဘွဲ့နှင်းသဘင်ခန်းမ၊ စာကြည့်တိုက်၊ ဖြိုချဖျက်ဆီးခံခဲ့ရသည့် ကျောင်းသား သမဂ္ဂမြေနေရာ အစရှိသည့် အမှတ်ရစရာများကလည်း လွမ်းမောဖွယ်များပင်။

 

မြန်မာနိုင်ငံအတွက် အရေးပါသော အထင်ကရ နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံတကာအထိ ဝင်ဆံ့ကျယ်ပြန့်ခဲ့ကြသော ပညာတတ်ပညာရှင်ကြီးများ၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု နယ်ပယ်အသီးသီးက ရှေ့တန်းခေါင်းဆောင်ခဲ့သူများ၊ စာပေနှင့် အနုပညာရှင်များ စသည်စသည် များစွာကို ရန်ကုန်တက္ကသိုလ်က မွေးထုတ်ခဲ့ပေသည်။

နိုင်ငံရေးအပြောင်းအလဲများ၊ မည်ငြိမ်မှုများ၊ မရင့်ကျက်သူတို့၏ အာဃာတများ၊ အမြော်အမြင်နည်းပါးမှုများကြောင့် ကာလ အပိုင်းအခြားတစ်ခု ယိုင်နဲ့သွားခဲ့သလို ရှိသော်လည်း ယခုအခါတွင်မူ ရန်ကုန်တက္ကသိုလ်သည် ရှေ့ခရီးဆက်ရန် အရှိန်ယူနေပြီ ဖြစ်ချေသည်။

 

အရောင်အသွေးစုံလင်သော ပျိုရွယ်သူ မျိုးဆက်သစ်တို့ ဝေဝေဆာဆာဖြင့် လှုပ်ရှားမှုများကို ရန်ကုန်တက္ကသိုလ်ဝင်း အတွင်းတွင် တွေ့မြင်နေရသည်။ အမိတက္ကသိုလ်၊ မြကျွန်းညိုညို၊ ကံ့ကော်တော စသည်ဖြင့် ခေတ်အဆက်ဆက်မှာ ပုံစံအမျိုးမျိုး၊ မြတ်နိုးမှုအစုံစုံဖြင့် တင်စားခဲ့သော ရန်ကုန်တက္ကသိုလ်မှာ နှစ်တစ်ရာပြည့် မွေးနေ့ပွဲကို ၁ ကျင်းပရန် အဆင်သင့်ပြင်နေပြီ။

 

ရန်ကုန်တက္ကသိုလ်ကို ဖြတ်သန်းခဲ့ကြဖူးသူများ၊ အဝေးမှသာ လွမ်းမောခဲ့ရသူများ၊ သမိုင်းမှတ်တမ်းများမှတစ်ဆင့် မြတ်နိုးတန်ဖိုး ထားခဲ့ကြသူများ၊ တစ်နည်းဆိုရလျှင် မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံးပါဝင်ဆင်နွှဲကြရမည့် ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့် အချိန်ကား နီးကပ်လာနေပြီတည်း။ ။

 

hahd