ဤလူ့ဘောင်လောကတွင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်း ဟူသော ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ထား၍ ကျင့်ကြံပွားများ အားထုတ်မှသာ ကိုယ်စီ၊ ကိုယ်စီ သုခချမ်းသာရရှိမည်ဖြစ်သည်။ သို့သော် ဤလောကတွင် များသောအားဖြင့် မတူကွဲပြားသော လူအများ၌ ဗြဟ္မစိုရ်တရား လေးပါး ပါးလျားလှပါပေသည်။ အထူးသဖြင့် တစ်ဦးအပေါ်တစ်ဦး မုဒိတာတရား ပါးလျားလှသည်။

 

ဗြဟ္မစိုရ်တရားလေးပါးကို ပါဠိအလိုအားဖြင့် "ဗြဟ္မဝိဟာရ" ဟု ခေါ်ဆိုပြီး မြန်မာအလိုအားဖြင့် "ဗြဟ္မစိုရ်" တရားဟုခေါ်ဆိုပါ သည်။ ဗြဟ္မ ဟူသည့် မြတ်သော" နှင့် ဝိဟာရဟူသည့် "နေခြင်း" ဖြစ်ရာသတ္တဝါတို့အပေါ်၌ မေတ္တာပွား၍ဖြစ်စေ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့တွင် တစ်ပါးပါးပွား၍ ဖြစ်စေနေခြင်းသည် မြတ်သောနေခြင်းဖြစ်သည်ဟု ဆိုလိုသည်။ ထိုသို့ ပွားများ၍ နေထိုင်ခြင်းသည် ဒေါသစိတ်၊ အဘိဇ္စျာ၊ ဣဿာစိတ်တို့ဖြင့် နေခြင်းကဲ့သို့ ခြောက်ခြောက်သွေ့သွေ့နေခြင်း မျိုးမဟုတ် စိုစိုပြည်ပြည် ရှိနေသောကြောင့် ဗြဟ္မစိုရ်ဟု ခေါ်ဆိုဟန်တူသည်။

 

မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်းဟူသော ဗြဟ္မစိုရ်တရား တို့နှင့်ဆန့်ကျင်ဘက်သည် ဒေါသစိတ်၊ အဘိဇ္စျာ၊ ဣဿာစိတ်တို့ဖြစ် သည်။ ဤလောကတွင် မတူကွဲပြားခြားနားခြင်းအကြောင်းများဖြင့် ရပ်တည်နေကြသည်။ ပေါင်းစည်းခြင်း သဘောမဟုတ်ဘဲ ကွဲပြားခြင်း သဘောဖြင့် နေထိုင်ကြသည်။ တူရာတူရာအစုအဖွဲ့ဖြင့် အချင်းချင်း မိတ်ဖွဲ့၍ နေထိုင်ကြရာ၌ မတူကွဲပြားသောသူများအပေါ်တွင် ဗြဟ္မစိုရ် တရားလေးပါး တစ်ပါးပါးထား၍ နေထိုင်ဆက်ဆံ တတ်ရန်လိုအပ်သည်။

 

မတူကွဲပြားသောသူများနှင့် ဒီမိုကရေစီပြည်ထောင်စုကြီးကို တည်ဆောက်ရာ၌ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဗြဟ္မစိုရ်တရား ထားနိုင်မှသာ ငြိမ်းချမ်းသာယာဝပြောသော ဒီမိုကရေစီပြည်ထောင်စုကို ဆောက်တည်နိုင်မည်ဖြစ်သည်။ အထူးသဖြင့် မုဒိတာစိတ်ထား ထားနိုင်အောင် အားထုတ်သင့်သည်။ ကျွန်ုပ်တို့နိုင်ငံတော်သည် ဗြဟ္မစိုရ်တရား လက်ကိုင်ထားသည့် နိုင်ငံဖြစ်သော်လည်း ယင်းကိုမပွား များနိုင်သဖြင့် သူတစ်ပါးနိုင်ငံများ နောက်ရောက်နေသည် ကိုလည်းကောင်း၊ သူတစ်ပါးတို့၏အထင်အမြင်သေးခြင်းကို ခံနေရသည်ကိုလည်းကောင်း ကြုံတွေ့နေရသည်မှာ အမှန်ဖြစ်သည်။

 

ထိုသို့ အောက်ကျနောက်ကျဖြစ်နေရသောအခြေအနေမှ လွန်မြောက်ရန် အတွက် အချင်းချင်းဆက်ဆံရေးတွင်လည်းကောင်း၊ တိုင်းပြည် တည်ဆောက်ရေးတွင်လည်းကောင်း ဗြဟ္မစိုရ်တရားဖြင့် အားလုံးပါဝင်ကြမှသာ တန်ကာကျမည်ဖြစ်သည်။ လူတစ်ဦး၊ တစ်ဖွဲ့ တိုးတက်မှုရှိလျှင် အခြား တစ်ဦး၊ တစ်ဖွဲ့က ဝမ်းမြောက်ရမည်ဖြစ်သလို ဒေသတစ်ခုဖွံ့ဖြိုး တိုးတက်လာ လျှင်လည်း ကျန်ဒေသတို့က ဝမ်းမြောက်ရမည်ဖြစ်သည်။ ထိုသို့ ဝမ်းမြောက်မှုဖြင့်သာ အားလုံးပါဝင် လက်တွဲဆောင်ရွက် နိုင်မည်ဖြစ်သည်။

 

မကြာသေးမီကကျင်းပခဲ့သော UEHRD ကော်မတီ ဒုတိယအကြိမ် နှစ်ပတ်လည်အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်ထောင်စုကြီးတစ်ခုလုံး ပါဝင်ရမယ့်လုပ်ငန်းဆိုတာ ကျွန်မတို့ ပြည်ထောင်စုရဲ့ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် အကောင်းဆုံးလုပ်နိုင်ရင် ကျန်တဲ့သူက မုဒိတာ ပွားနိုင်ရမယ်။ ကိုယ့်ရဲ့ ဒေသမှာ လုပ်ပေးမှ မဟုတ်ဘူး။ တခြားသူတွေ၊ တခြားဒေသတွေ၊ ကိုယ်နဲ့မဆိုင်တဲ့ အရပ်ဒေသတွေ ကောင်းဖို့အတွက် အဲဒီအရပ်ဒေသက ပြည်သူလူထုတွေ တိုးတက်ဖို့အတွက် လုပ်ပေးတယ် ဆိုတဲ့အခါမှာ ကျွန်မတို့ကိုယ်တိုင် လုပ်မပေးနိုင်ရင်တောင်မှ မုဒိတာပွားနိုင်တဲ့စိတ်ရှိရ မယ်" ဟု မှာကြားထားသည်။

သို့ဖြစ်ရာ ဒေသတစ်ခုဖြစ်စေ၊ လူတစ်ဦးတစ်ဖွဲ့ဖြစ်စေ၊ အဖွဲ့အစည်း တစ်ခုတစ်ဖွဲ့ဖြစ်စေ တိုးတက်ကြီးပွားချမ်းသာ အောင်မြင်အောင် လုပ်ဆောင်ပေးနိုင်မည်ဆိုလျှင် ကျန်တစ်ဦးတစ်ဖွဲ့၊ ဒေသတစ်ခုကလည်း ဗြဟ္မစိုရ်တရားလေးပါးဖြစ်ဖြစ်၊ မုဒိတာတရားတစ်ပါးဖြစ်ဖြစ်ပွားများ အားထုတ်နိုင်ခြင်းဖြင့် အေးချမ်းသာယာဝပြောသော လူ့ဘောင်လောကကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း။ ။

 

kaf