ဘုတလင် ၂၅ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ ညောင်ကန်၊ အုတ်အိုင်၊ ရွာသာ၊ ဒါန်းတိုင်နှင့် ဆည်ဝကျေးရွာတို့တွင် မိုးစပါးနှင့် ဆောင်းနှမ်းများ စိုက်ပျိုးရာ၌ ပိုက်ဆံလျှော်ပင်များကို သစ်စိမ်း မြေဩဇာအဖြစ် စတင်စိုက်ပျိုးအသုံးပြုလာကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပိုက်ဆံလျှော်ပင်သည် မြေအမျိုးမျိုးတွင် ဖြစ်ထွန်းပြီး ဆွေးမြေ့မှု မြန်ဆန်ပါကြောင်း၊ ပိုက်ဆံ လျှော်မျိုးစေ့ကို တစ်ဧကလျှင် လေးပြည်နှုန်း ကျဲပက်စိုက်ပျိုးပြီး ပန်းစတင်ပွင့်လာလျှင် ပိုက်ဆံလျှော်ပင်ကို ခုတ်ထစ်ပိုင်းဖြတ်ကာ ရိုလာဖြင့်ကြိတ်ရပါကြောင်း၊ ကြိတ်ထားသည့် ပိုက်ဆံလျှော်ပင်များကို စိုက်ခင်း အတွင်း ဖြန့်ကျက်ပြီး မြေဖုံးအုပ်ရပါကြောင်း၊ မြေဖုံးအုပ်ပြီး (၁၅)ရက်ခန့် ကြာလျှင် ပိုက်ဆံလျှော်ပင်ကို သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုကာ တောင်သူများ စိုက်ပျိုးလိုသည့် သီးနှံများကို စိုက်ပျိုးနိုင်ပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ချိုချိုမာက ပြောသည်။
ပိုက်ဆံလျှော်ပင်ကို သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုလျှင် အပင်အတွက်လိုအပ်သော ကာဗွန်နှင့် ဟိုက်ဒရိုဂျင်ဓာတ်ကိုရရှိစေကာ ရေဓာတ်ကို သိုလှောင်ပေးသည့်အတွက် ရာသီဥတုပြောင်းလဲမှုအရ မိုးခေါင်သည့်ဒဏ်ကို ခံနိုင်ရည်ရှိစေပါကြောင်း၊ ထို့ပြင် မြေဩဇာအာနိသင်ကို ရရှိစေပြီး ဓာတ်မြေဩဇာ အသုံးမပြုရသည့်အတွက် စိုက်ပျိုးစရိတ်များကိုလည်း လျှော့ချပေးနိုင်ပါကြောင်း၊ ပိုက်ဆံလျှော်ပင်ကို သစ်စိမ်းမြေဩဇာအဖြစ် (၃)နှစ်၊ (၄)နှစ် ဆက်တိုက်အသုံးပြုစိုက်ပျိုးလျှင် မြေ၏ချဉ်ငံကိန်းမှာ သမမျှတ လာပြီး မြေဆီလွှာစွမ်းရည် တိုးတက်လာကာ အပင်ဖြစ်ထွန်းမှုကို ပိုမိုကောင်းမွန်စေပါကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး၏ ပြောပြချက်အရ သိရသည်။
ဖိုးခါး(ပြန်/ဆက်)


