မိုင်းဆတ်    ၂၅   အောက်တိုဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ မြို့သစ်ရပ်ကွက်နှင့် ဝိန်းနေရပ်ကွက်အတွင်းရှိ ဝိန်းနေ-ဝိန်းကောင်း လမ်းမှာ ယာဉ်သွားလာမှုများပြီး ဆိုးရွားစွာ ပျက်စီးနေသဖြင့် အမြန်ပြုပြင်ပေးရန် ဒေသခံပြည်သူများက လိုလားလျက်ရှိကြောင်း သိရသည်။

 

 “ဒီလမ်းက ကျွန်တော်တို့မြို့မှာ သွားလာမှုအများဆုံး လမ်းတစ်ခုဖြစ်ပါတယ်၊ မြို့တွင်းလမ်းဆိုပေမဲ့ မိုင်းဆတ်-မိုင်းခုတ်-ကျိုင်းတုံလမ်းမကြီးနဲ့ မိုင်းဆတ်-မိုင်းပျဉ်းလမ်းမကို ချိတ်ဆက်ထားတဲ့ အဓိကလမ်းဖြစ်ပါတယ်၊ မိုင်းဖုန်းဆရာတော် တရားကျင့်နေတဲ့ ဂူကိုလည်း ဒီလမ်းကပဲ သွားကြတာပါ၊ ပြီးတော့ မြို့နယ်အတွင်းမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ပို့ဆောင်ပေးနေတဲ့ အုတ်၊ သဲ၊ ကျောက်ကားတွေကလည်း ဒီလမ်းကအများဆုံး သွားနေတာပါ၊ လမ်းကချိုင့်ခွက်တွေဖြစ်ပြီး အရမ်းကို ပျက်စီးနေလို့ သွားလာတဲ့ယာဉ်တွေက လမ်းကြောမကြည့်ဘဲ လမ်းကောင်းတဲ့ဘက်က ရွေးမောင်းကြတော့ အရမ်းအန္တရာယ်များတယ်၊ ကျောင်းဆင်းတဲ့အချိန်တွေဆို ကလေးတွေနဲ့ ပိုဆိုးတယ်၊ ပတ်ဝန်းကျင်မှာလည်း ဆေးရုံ၊ အထကခွဲကျောင်းနဲ့ ရုံးဌာနတွေရှိတော့ မြို့ပုံရိပ်လည်းထိခိုက် ပါတယ်၊ အမြန်ဆုံး ပြုပြင်ပေးစေချင်ပါတယ်”ဟု မြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးကပြောသည်။

 

1

 

 

“ ဒီလမ်းက သွားလာမှု အလွန်များတဲ့ လမ်းဖြစ်ပါတယ်၊ ဒါကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်နေ့ မိုင်းဆတ်ခရီးစဉ်မှာ ဒီလမ်းကို ပြုပြင်ပေးဖို့တင်ပြတော့ မြို့နယ်စည်ပင်က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီ အစည်းအဝေးမှာ ပြည်နယ်အစိုးရ ထောက်ပံ့ငွေ ရရှိရေးတင်ပြထားတယ်ဆိုပြီး ကြိုတင်မေးခွန်းနဲ့ ပြန်ဖြေကြားခဲ့ပါတယ်၊ ဒါပေမဲ့ အခု ၂၀၁၉-၂၀၂ဝ ဘဏ္ဍာနှစ်မှာ ဒီလမ်းကို ပြုပြင်ပေးဖို့ ရန်ပုံငွေမပါဘူးလို့သိရတယ်၊ ဖြစ်နိုင်ရင် အမြန်ဆုံး ပြုပြင်ပေးစေချင်ပါတယ်”ဟု မြို့မိမြို့ဖ ဦးအေးမင်းက ပြောသည်။

 

“အဲဒီလမ်းက ယာဉ်အသွားအလာများပြားပြီး အချို့လမ်းပိုင်းတွေ ပျက်စီးနေလို့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီက ကတ္တရာနဲ့ စက်သုံးဆီထောက်ပံ့ပေးပြီး မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဌနဲ့ အလှူရှင်တွေစုပေါင်းပြီး လမ်းပေါက်ဖာခဲ့တာ (၅၆) သိန်းကျော်ကုန်တယ်၊ ဒါပေမဲ့ အချို့လမ်းပိုင်းတွေက ဆက်ပြီးပျက်စီးနေတဲ့အတွက် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၂၇  ရက်နေ့ ရှမ်းပြည်နယ် စည်ပင်သာယာရေး ကော်မတီအစည်းအဝေးမှာ ပြည်နယ်အစိုးရ ထောက်ပံ့ငွေ ရရှိရေးတင်ပြထားခဲ့ပါတယ်၊ ကျွန်တော်တို့ မြို့နယ်စည်ပင်က ရန်ပုံငွေနည်းတော့ ဒီလမ်းကို ပြုပြင်ဖို့မလွယ်ပါဘူး၊ အခု ၂၀၁၉-၂၀၂ဝ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေ ထောက်ပံ့ပေးတဲ့အထဲမှာ ဒီလမ်းတော့မပါဘူး၊ ကျွန်တော်တို့လည်း ဒီလမ်းကို အမြန်ဆုံး ကောင်းစေချင်ပါတယ်”ဟု မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးကျော်နိုင်က ပြောသည်။

 

အဆိုပါလမ်းသည် အရှည်ပေ ၃၂၀၀ ခန့်ရှိပြီး ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့် တင်ဆောင်ရွက်ခဲ့သော လမ်းဖြစ်ကြောင်း သိရသည်။           

 

သန်းဇော်(မိုင်းဆတ်)