ချောင်းဆုံ     ၂၅    အောက်တိုဘာ                  

 

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် နှစ်ပေါင်း(၂၀)ကျော်ကြာ တိမ်မြုပ်ပျောက်ကွယ်နေသည့် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကို ချောင်းဆုံမြို့ မဟာကန်တော်ကြီးတွင် ယနေ့နံနက် နံနက် ၉ နာရီက ဒုတိယအကြိမ် လှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် စည်ပင်သာ ယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဦးမင်းကျော်လွင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် အဆင့်တာဝန်ရှိသူများ၊ ချောင်းဆုံမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့်မြို့နယ် အဆင့် ဌာနဆိုင်ရာများ ပြိုင်ပွဲအသင်းများ ပြည်သူလူထုများ တက်ရောက်ကြသည်။

 

1

 

အဆိုပါပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးက အမှာစကားပြောကြားရာ ပြိုင်ပွဲဝင်အသင်းသားများအနေဖြင့် ယှဉ်ပြိုင်ရာတွင် အရှုံးအနိုင် ကိုပဓာနမထားဘဲ အားကစားစိတ်ဓါတ်အပြည့်ဖြင့် ယှဉ်ပြိုင်သွားကြရန်လိုကြောင်း ပြောကြားခဲ့ပြီး  ပြည်နယ်စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီး ချုပ်ဦးခင်မောင်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးရွှေမြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလင်းတင်ဌေးတို့က လှေလှော်ပြိုင်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

 

လှေလှော်ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ ချောင်းဆုံအနောက်ရပ်ကွက်၊ ကုလားတို့၊ တော်ပွန်၊ ဇီးကုန်း၊ ဖံဖ၊ ကမနင်း၊ ကရင်ဝင်းစိန်နှင့် မုရစ်ကြီးကျေးရွာများမှ လှေလှော်ပြိုင်ပွဲဝင် အသင်း(၂၀)သင်းတို့မှ  ပထမနေ့ပြိုင်ပွဲတွင် အလွတ်တန်း(၂)တက်လှော်အသင်း(၄)သင်း၊ အသက်(၃၅)နှစ်အောက် (၂)တက် လှော်အသင်း (၆) သင်းနှင့် (၃၅)နှစ်အောက် (၃)တက်လှော်အသင်း(၈)သင်း တို့မှ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိရာ ပြိုင်ပွဲကို အောက်တိုဘာ ၂၅ ရက်မှ ၂၉  ရက်နေ့ အထိ ငါးရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထူးအိမ်(ပြန်/ဆက်)