ကြို့ပင်ကောက် ၂၅ အောက်တိုဘာ
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်တွင် ပညာရေးဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် Stakeholder များနှင့်တွေ့ဆုံပွဲကို အထက(ကြို့ပင်ကောက်) ရွှေညီလာခန်းမတွင် မြို့နယ်ပညာရေးဌာနမှဦးဆောင်၍ အောက်တိုဘာလ ၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဒေါ်ခင်ဝင်းက ဆွေးနွေးပွဲ၏ရည်ရွယ်ချက်နှင့် ဆွေးနွေးပွဲမှရရှိလာသော အချက်အလက်တွေကို စီမံချက်ရေးဆွဲပြီး ပညာရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကြို့ပင်ကောက်မြို့နယ်အတွင်း ကျောင်းမိသားစု ၁၆ စုတွင် အခြေခံပညာကျောင်းပေါင်း ၁၇၁ ကျောင်း နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁ ကျောင်းရှိပြီး ကျောင်းသား၊ ဆရာ၊ မိဘ၊ ကျောင်းအုပ်ကြီးများ၏ ဖြေကြားချက်များကို ပညာရေးဖွံ့ဖြိုးတိုးတက်မှုအညွှန်းကိန်းအချက် ၄၇ ချက်မှ အားနည်းသောပညာရေး အညွှန်းကိန်းများဖြစ်သည့် ကျောင်းသားကျောိင်းသူများ ကျောင်းထွက်ရာခိုင်နှုန်းမြင့်မားခြင်း၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သောက်သုံးရေရရှိရေး၊ အဆောက်အဦလိုအပ်ချက်၊ ဆရာဆရာမလိုအပ်ချက်များကို အခမ်းအနား တက်ရောက်လာသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် မိတ်ဖက်ဌာနဆိုင်ရာအဖွဲ့အစည်းများက ဆွေးနွေးညှိနှိုင်းအကြံပြုခဲ့ကြသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)


