မြိတ်  ၂၅ အောက်တိုဘာ  

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာစေရေးနှင့် ယာဉ်တိုက်မှုအန္တရာယ် လျော့နည်းကျဆင်းစေရေးအတွက် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မျိုးမြင့် ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျောင်းသား/သူများ ပူးပေါင်းကာ ယာဉ်အသွားအလာများသော နေရာ(၃)ခု၌ အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းတွင် ပညာပေးဆောင်ရွက်ခဲ့ကြသည်။

 

ေ

 

“မြိတ်မြို့မှာ ယာဉ်တိုက်မှုတွေ လျော့နည်းစေဖို့အတွက် အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်။ ဆိုင်ကယ် စီးသူ၊ ကားမောင်းသူအားလုံးဟာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို လိုက်နာပြီးတော့ မောင်းနှင်ကြရင်  ယာဉ် တိုက်မှုအန္တရာယ်လျော့နည်းသွားမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် မြို့သူမြို့သားတွေ ယာဉ်တိုက်မှု အန္တရာယ်ကင်းဝေးပြီးတော့ ယာဉ်မောင်းသူများကလည်း ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာဖို့အတွက် အလေးထားပြီးတော့ အခုလို ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး   ပညာပေးဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု အမှတ်(၇၆) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကိုကိုက ပြောသည်။

 

ေ

 

အသိပညာပေးအစီအစဉ်ကို လေယာဉ်ကွင်းလမ်း၊ မြို့မအားကစားကွင်းအရှေ့ ကန်ဖျားလမ်း နှင့် ပုလဲ ရတနာခန်းမအရှေ့ ကမ်းနားလမ်းတို့တွင် ဆိုင်ကယ်မောင်းနှင်ရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ၊ ယာဉ်မောင်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များပါ စာတမ်းပိုစတာများကို ပူးပေါင်းအဖွဲ့မှ ကိုင်ဆောင်၍ ဖြတ်သန်းသွားလာကြသော မော်တော်ဆိုင်ကယ် မော်တော်ကားများကို ပညာပေးခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ ဆိုင်ကယ်မောင်းနှင်စဉ် ဦးထုပ်မဆောင်းသူကို ဦးထုပ်ဆောင်းစေခြင်း၊ မေးသိုင်းကြိုးတပ်စေခြင်း၊ (၂)ဦးထက်ပိုမစီးစေခြင်း၊ ယာဉ်မောင်းနှင်စဉ် ဖုန်းမပြောစေခြင်း၊ မော်တော်ကားမောင်းစဉ် ခါးပတ်ကြိုးတပ်ဆင် မောင်းနှင်စေခြင်း စသည်တို့ကို ပညာပေးခဲ့ကြသည်။

 

ေ

 

မြိတ်မြို့တွင် စည်းကမ်းဖောက်ဖျက် ဆိုင်ကယ်နှင့် ကားများကို ဖမ်းဆီးရာ တစ်လလျှင် အစီးရေ(၂၀ဝ) နှင့် (၃၀ဝ)ကြားတွင် ရှိကြောင်း၊ ပြီးခဲ့သည့်လ၌ စည်းကမ်းဖောက်ဖျက်ဆိုင်ကယ် အနည်းငယ်လျှော့နည်းသွားကြောင်း၊ ယာဉ်မောင်းသူများမှ ယာဉ်စည်းကမ်းလမ်းစည်ကမ်းကို စနစ်တကျလိုက်နာဆောင်ရွက်ခြင်းကြောင့် လျော့နည်း သွားကြောင်း၊ ယာဉ်များတွင် သတ်မှတ်နံပါတ်မတပ်ဆင်ဘဲ မောင်းနှင်လျှင် ပြစ်ဒဏ်ပိုကြီးကြောင်း၊ သတ်မှတ်နံ ပါတ်မတပ်ဆင်ခြင်းသည် ပေါ့ပေါ့လျော့လျော့မတပ်ဆင်တာဖြစ်သလို ဒုစရိုက်မှုကိုကျူးလွန်ဖို့အတွက် ကြိုတင်ပြင် ဆင်ထားသည် ယူဆရကြောင်း၊ သတ်မှတ်နံပါတ်မတပ်ဆင်ဘဲမောင်းနှင်သည့် ဆိုင်ကယ်စီးရေသည် ဦးထုပ် မဆောင်းသည့် စီးရေထက်လျှော့နည်းကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးက သုံးသပ်ပြောဆိုသည်။

 

ေ

 

မြိတ်မြို့တွင် ယာဉ်တိုက်မှုများကြောင့် ဒဏ်ရာရ သေဆုံးမှုများရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ယာဉ်တိုက်မှု ပေါင်း (၁၁၇)မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူ အမျိုးသား(၁၇၄)ဦး၊ အမျိုးသမီး(၄၇)ဦးရှိ၍ သေဆုံးသူ အမျိုးသား(၃၄) ဦး အမျိုးသမီး(၇)ဦး ရှိခဲ့ကာ ၂၀၁၉ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလကုန်အထိ ယာဉ်တိုက်မှုပေါင်း(၉၄)မှု၊ ဒဏ်ရာရသူ အမျိုးသား(၁၀၅) ဦး၊ အမျိုးသမီး(၂၅) ဦးရှိ၍ သေဆုံးသူ အမျိုးသား(၂၈)ဦး အမျိုးသမီး(၉)ဦး ရှိပြီဖြစ်ကြောင်း အမှတ်(၇၆)ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)