နေပြည်တော် ၂၅  အောက်တိုဘာ

(၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကျင်းပရေးဗဟိုကော်မတီညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသားအောင်ပွဲနေ့ ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ တွင် နှစ်စဉ်ကျင်းပလျက်ရှိပြီး (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၁ရက်တွင် တစ်နိုင်ငံလုံး၌ ခမ်းနားစွာ ကျင်းပ သွားမည်ဖြစ်ပါကြောင်း။

(၉၉)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာ၊ ဆောင်ပုဒ်နှင့် ဦးတည်ချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြထားပြီးဖြစ်ပါကြောင်း၊ အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို ဦးတည်ချက်များနှင့်အညီ တစ်နိုင်ငံလုံးတွင် ခမ်းနားစွာ ကျင်းပနိုင်ရေးသည် အရေးကြီးပါကြောင်း၊ အထူးသဖြင့် မြို့နယ်အလိုက် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဗဟိုကော်မတီ နှင့် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆပ်ကော်မတီအသီးသီး အနေဖြင့်လည်း ယခင်နှစ်များကဲ့သို့ အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက် ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်က (၉၈)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့မှု အစီရင် ခံစာကို ရှင်းလင်းတင်ပြပြီး ဗဟိုကော်မတီအတွင်းရေးမှူး ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက (၉၉)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပရေး စီမံချက်ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း က (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာ(မူကြမ်း)ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသူများက သဝဏ်လွှာ(မူကြမ်း)နှင့် ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီအလိုက် ဆောင်ရွက် ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ 

 

 (သတင်းစဉ်)