နေပြည်တော် ၂၅ အောက်တိုဘာ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန က ပျောက်ကွယ်လုနီးပါးဖြစ်နေသော ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ တောင်ပို့လှ ကျေးရွာရှိ ထနော့လူမျိုးများနှင့် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ နောင်အင်ကျေးရွာရှိ ယင်းတလဲ လူမျိုးများ၏ လူနေမှုဘဝ မှတ်တမ်းအကြောင်း သွားရောက်ရိုက်ကူးခဲ့သည့် Documentary ပြသခြင်းနှင့် ဒိုင်ချင်းတိုင်းရင်းသူ၏ နှာခေါင်းဖြင့် ရိုးရာပလွေမှုတ်သရုပ်ပြခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ညွှန်ကြားရေးမှူးချုပ် များနှင့် ဝန်ထမ်းများ တက်ရောက်သည်။
ရှေးဦးစွာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပျောက်ကွယ်လုနီးပါးဖြစ်နေသော ထနော့လူမျိုးများနှင့် ယင်းတလဲလူမျိုးများ၏ လူနေမှုဘဝ မှတ်တမ်းအကြောင်း သွားရောက်ရိုက်ကူးခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်းတင်ပြခဲ့ပြီး အဆိုပါ လူမျိုးတို့၏ သမိုင်းကြောင်း၊ ကိုးကွယ်ယုံကြည်မှု၊ ဓလေ့ထုံးစံ၊ အပျို/ လူပျိုလှည့် ခြင်း၊ ရိုးရာပွဲတော်များ၊ တိုင်းရင်းဆေးပညာရပ်များစသည့် လူနေမှုဘဝ ရုပ်သံမှတ်တမ်း Documentary ကိုပြသသည်။ယင်းနောက် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှ ဒိုင်ချင်းတိုင်းရင်းသူ ဒေါ်ရွှေမနားက ပျောက်ကွယ်လုနီးပါး ရိုးရာဓလေ့တစ်ခုဖြစ်သည့် နှာခေါင်းဖြင့် ရိုးရာပလွေ မှုတ်ခြင်းကို သရုပ်ပြတီးမှုတ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ဂုဏ်ပြုငွေ ချီးမြှင့် သည်။
ပျောက်ကွယ်လုနီးပါးဖြစ်နေသော တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို ရိုက်ကူးတင်ပြခြင်းဖြင့် တိုင်းရင်းသားလူမျိုးများအနေဖြင့် မိမိတို့၏ စာပေ၊ ဘာသာစကား၊ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို ပိုမိုမြတ်နိုးတန်ဖိုးထား ထိန်းသိမ်းလာမည် ဖြစ်သည်။အဆိုပါ နှာခေါင်းဖြင့် ပလွေမှုတ်သည့် ရိုးရာဓလေ့ ပညာရပ်ကိုပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအား သင်တန်း ပို့ချပေးသွားမည်ဖြစ်ပြီး ရိုးရာဓလေ့များကို ပြည်သူများ ပိုမိုသိရှိလာနိုင်ရေးအတွက် ဖော်ထုတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)


