မတ္တရာ ၂၅ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ရှင်လှကျေးရွာအုပ်စု အေးကျွန်း ကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုဘေးမှ ကာကွယ်နိုင်ရန်အတွက် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ အခြေခံပညာအလယ်တန်း ကျောင်းခွဲတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလွင်၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းကျော်၊ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးနောင်နောင်ဇော်လေး (ရေဘက်/မြို့ပြ)တို့မှ မြစ်ကမ်းပါးများ ပြိုကျရခြင်း၊ မြစ်ကမ်းပါးများ ပြိုကျမှုမှ ကာကွယ်ထိန်းသိမ်းနိုင်ရေးနှင့် ဆောင်ရွက်ရမည့် အခြေအနေများနှင့် ပတ်သက်၍ အမှာစကားများ ပြောကြားခဲ့ပြီး ကျေးရွာ တာဝန်ရှိသူများထံ ပျိုးပင်များကို ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပျိုးပင်မျိုးစုံ ၁၆ မျိုး ပျိုးပင်ပေါင်း ၂၈၉ ပင်အား ကျေးရွာသူ၊ ကျေးရွာသားများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများမှ စုပေါင်း စိုက်ပျိုးခဲ့ကြသည်။
ဆက်လက်၍ အဆိုပါ ကျေးရွာ အနောက်ဘက်ရှိ ဧရာဝတီမြစ်ကမ်းဘေးတွင် မအူပင် ၅၉ ပင်အား စိုက်ပျိုးခဲ့ပြီး သုံးဆယ်ပေး ကျေးရွာအုပ်စု ရွာသာအေးကျေးရွာ အနောက် ဧရာဝတီမြစ်ကမ်းဘေးတွင်လည်း မအူပင် အပင် ၁၀၀၀ စုပေါင်း စိုက်ပျိုးခဲ့ကြသည်။
အဆိုပါ ဧရာဝတီမြစ်ကမ်းပါးပြို ထိန်းသိမ်းကာကွယ်ရေး စုပေါင်းသစ်ပင်စိုက်ပျိုးရာတွင် ပျိုးပင်ပေါင်း ၁၃၄၈ ပင် စိုက်ပျိုးခဲ့ကြသည်။
စိုးကျော်သူထွေး(မတ္တရာ)


