ရန်ကုန် ၂၅   အောက်တိုဘာ

မိုးမိုး(အင်းလျား) ၇၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် မြန်မာစာပေနှင့်အနုပညာ ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ် စက်ရုံ၌ ကျင်းပသည်။

 

akhd

 

ရှေးဦးစွာ ဖွင့်ပွဲကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်၊ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဦးမျိုးညွန့်(စာပေလောက)၊ မိုးမိုး(အင်းလျား) ၇၅ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် မြန်မာစာပေနှင့် အနုပညာပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဆရာမဒေါ်သန်းမြင့်အောင်တို့က   ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံ ရိုက်ကြသည်။

ထို့နောက် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံအစည်းအဝေး ခန်းမ၌ အခမ်းအနားကို  ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏   အမှတ်တရစကားပြောကြားထားသည့် ဗီဒီယိုဖိုင်ကို ဖွင့်လှစ်ပြသ သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏  အမှတ်တရစကားတွင်  စာရေးဆရာမကြီး မိုးမိုး(အင်းလျား)  (၇၅)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် မြန်မာစာပေနှင့် အနုပညာပွဲ တော်အတွက် စကားပြောနိုင်သည့်အခွင့်အရေးကိုပေးသဖြင့် များစွာ ကျေးဇူးတင်ပါ ကြောင်း၊  ဂုဏ်လည်း ဂုဏ်ယူပါကြောင်း ၊ မိမိသည် စာပေပညာရှင်တစ်ယောက်အနေဖြင့် ၊ဝေဖန်ရေးသမားတစ်ယောက်အနေဖြင့်  ပြောမှာ မဟုတ်ပါကြောင်း၊  ဆရာမကြီး၏ ပရိသတ်တစ်ယောက်အနေဖြင့် ပြောသွားမည်ဖြစ်ပါကြောင်း၊ စာအုပ်များဖတ်လျှင် မိမိတို့ သည် ရှိပြီးသား ကမ္ဘာဟောင်းကြီးကို အမြင်သစ်နှင့်လည်း မြင်နိုင်သလို   ကမ္ဘာသစ် များ ကိုလည်း  မြင်လာနိုင်ပါကြောင်း၊ ဆရာမကြီး၏ စာအုပ်များ ဖတ်သည့်အခါ   ဆရာမကြီး ဖြတ်သန်းခဲ့ရသည့် လူ့အသိုင်းအဝိုင်းကို ပိုပြီး ထင်ထင်ရှားရှား မျက်လုံးသစ်များ နှင့်  မြင်နိုင်စေခဲ့ပါကြောင်း၊ ဒီလိုကြည့်ခြင်းအားဖြင့်လည်း အတွေးကမ္ဘာ အများကြီး ကို  မိမိတို့ တည်ဆောက်နိုင်ခဲ့ပါကြောင်း၊  ဒါသည် ဆရာမကြီး၏  အလွန် လေးစားစရာ ကောင်းသည့် အရည်အချင်းတစ်ခုဟု  သုံးသပ်ပါကြောင်း။

ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတစ်နိုင်ငံဆိုတာ ခေတ်အမျိုးမျိုးကို ကျော်ဖြတ်ရပါ ကြောင်း၊   ခေတ်များကို မှတ်တမ်းတင်ခြင်းဆိုသည်မှာ သမိုင်းပညာရှင်တွေပဲ၊ အတတ် ပညာရှင်တွေပဲ တင်လို့မရပါကြောင်း၊ အနုပညာရှင်များသည် မိမိတို့၏  အတွေးအခေါ်၊ ရသ အရည်အချင်းများနှင့် ဒီခေတ် တွေကို သရုပ်ဖော်ပေးခြင်းသည် တစ်ခါတစ်လေ ပိုပြီး  ထိရောက်ပါကြောင်း၊  အရင်တုန်းက မမြင်ခဲ့၊ မသိခဲ့၊ သတိမထားမိခဲ့သည့်အရာ များကို မိမိတို့မြင်ရပါကြောင်း၊  အဲဒီတော့  ဆရာမကြီး မိုးမိုး (အင်းလျား) ကို မိမိ အင်မတန်မှ လေးစားသည်ဟု ဆိုခြင်းမှာ မိမိတို့နိုင်ငံအကြောင်းကို ဆရာမကြီး မိုးမိုး (အင်းလျား) ၏ စာအုပ်များဖတ်ခြင်းအားဖြင့် အများကြီးပိုပြီး သိရပါကြောင်း၊  မိမိတို့နိုင်ငံ အကြောင်း၊   မိမိတို့ လူမှုအသိုင်းအဝိုင်းအကြောင်း၊   မိမိတို့ ပြည်သူလူထု၏ စိတ်ဓာတ်များ၊  သာမန် ပြည်သူများ၏  ခံစားချက်များနှင့် ပတ်သက်ပြီး   အများကြီးပိုပြီး သိရပါကြောင်း။

ဒီအပြင် မိမိဘာကိုသတိထားမိသလဲဆိုလျှင် ဆရာမကြီးသည် ဖြတ်သန်းခဲ့ရသည့် ခေတ်၏ အခက်အခဲ၊ ပြဿနာများကို ဖော်ထုတ်နေသည့်အခါမှာတောင်မှ ခိုင်မာသည့် စိတ်ဓာတ်ကိုပြသွား သည်ကိုတွေ့ရပါကြောင်း၊   ခိုင်မာသည့်စိတ်ဓာတ်သည် မိမိတို့ပြည် သူ ပြည်သားများအတွက် အများကြီးအထောက်အကူဖြစ်မည်ဟု  မိမိယုံကြည်ပါ ကြောင်း၊  ဘာဖြစ်လို့လဲဆိုတော့ ဘယ်နိုင်ငံမှာပဲမဆို၊ ဘယ်လူ့အသိုင်းအဝိုင်းမှာပဲမဆို ခက်ခက်ခဲခဲ အခြေအနေကိုတော့  ဖြတ်သန်းရ မည်ဖြစ်ပါ ကြောင်း၊ ဒီလိုဖြတ်သန်းသည့် နေရာတွင် မိမိတို့ကို အထောက်အကူပေးလိုက်သည့် ပညာရှင်များ၊ အနုပညာ ရှင်များ၊ အတတ် ပညာရှင်များ၊ စာရေးဆရာ ဆရာမကြီးများ၏ တန်ဖိုးသည်ဖြတ်လို့ မရပါ ကြောင်း။

ဆရာမကြီးသာ ယခု ရှိသေးလျှင် အသက်(၇၅)နှစ် ရှိပြီ ဖြစ်ပြီး  အသက်(၇၅)နှစ် ဆိုတာ ရေးကောင်းတုန်းအရွယ်လို့ပဲ မိမိအနေဖြင့် သတ်မှတ်ပါကြောင်း၊  ဆရာမကြီးသာ ရှိလျှင်  မိမိတို့၏ ယခု ဒီမိုကရေစီ အကူးအပြောင်းခေတ်ကို ဘယ်လိုများ သရုပ်ဖော်မလဲ လို့  စဉ်းစားမိခဲ့ပါကြောင်း၊  ဘယ်လိုများမြင်မလဲ၊ ဘယ်လိုသရုပ်ဖော်မလဲ၊ ဘယ်လို အတွေးအခေါ်တွေများ မိမိတို့ကို ပေးမလဲလို့  စဉ်းစားသည့်အခါ  ဆရာမကြီးကို နှမြောမိ ပါ ကြောင်း၊ သို့သော်လည်း ဆရာမကြီးရေးခဲ့သည့် စာအုပ်များက အင်မတန်မှ ပြီးပြည့်စုံပါကြောင်း၊ အသက်အရှည်ကြီးမနေခဲ့ရဘူးဆိုသော်လည်း ပြီးပြီး ပြည့်ပြည့်  စာအုပ်များရေးခဲ့သဖြင့် မလုံလောက်ဘူးဟုလည်း ပြော၍မရပါ ကြောင်း၊  မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အသိုင်းအဝိုင်းထဲမှလူကြီးတစ်ယောက် နှင့်ပတ်သက်၍မိမိတစ်ခါရေးဖူးပါကြောင်း၊  တန်ဖိုးရှိသည့်လူသားဆိုသည်မှာ  ကွယ်လွန်အနိစ္စရောက်သွားတာ စောလွန်းသည်၊ နောက်ကျလွန်းသည်ဟု မရှိပါ ကြောင်း၊ ဘယ်လောက်ပဲ စောလွန်းစောလွန်း လုပ်သင့်လုပ်ထိုက်သည်ကို လုပ်သွားလို့ ကျေနပ် စရာရှိပါကြောင်း၊  ဘယ် လောက်ပဲ နောက်ကျနောက်ကျ လုပ်စရာကို ဆက်ပြီး လုပ်နေနိုင်သည့်အရည်အချင်းရှိလို့  ဝမ်းသာစရာဖြစ်ပါကြောင်း၊  ထို့ကြောင့်  ဆရာမကြီးသည်လည်း  မိမိတို့မျှော်လင့်ခဲ့သလို၊ မိမိတို့ လိုလားသလို အသက်မရှည် ဘူး ဆိုသော်လည်း  နေသွားသည့်ကာလ အတွင်း  ပြည့်ပြည့်စုံစုံ မိမိ၏ အရည်အချင်းကို လူ့အသိုင်းအဝိုင်းအတွက်၊ နိုင်ငံအတွက်၊ အနုပညာအတွက်၊ စာပေအတွက်သုံးသွားခြင်းကြောင့်အင်မတန်မှလေးစားပါသည်ဟု   ပြောချင်ပါကြောင်း။ 

ယခုမြန်မာစာပေနှင့် အနုပညာပွဲတော်ကျင်းပခြင်းမှာ  အင်မတန်မှဆီလျော်ပါ ကြောင်း၊  ဆရာမကြီး၏ စာပေများသည်  စာပေသာမက၊ အနုပညာတစ်ခုလည်းဖြစ် ပါကြောင်း၊ ထို့ကြောင့် ဆရာမကြီး ၏ (၇၅)နှစ်မြောက်မွေးနေ့ပွဲကို စာပေနှင့် အနုပညာပွဲ အနေဖြင့် မိမိတို့က   အသိအမှတ်ပြု သည်ဆိုခြင်းမှာ  အင်မတန်မှ သင့်တော်ခြင်း ကြောင့်  အားလုံးက  ဒီပွဲကိုတက်သည့် ပုဂ္ဂိုလ်များ အားလုံး   ဆရာမကြီး၏ အရည် အချင်းများကို ပြန်စဉ်းစားပြီး၊  ဆရာမကြီး၏ စာပေများကို တန်ဖိုးထား  ပြီး   နောင်အနာဂတ်မျိုးဆက်များ စာပေ၊ အနုပညာဘက်မှာ ရှင်သန်နိုင်ကြပါစေဟု ဆုတောင်းမေတ္တာပို့လိုက်ပါကြောင်း ပါရှိသည်။

 

fsfs

lshls

 

ဆက်လက်၍   ဒုတိယဝန်ကြီးဦးအောင်လှထွန်းက  အမှာစကားပြောကြားရာတွင် မြန်မာစာပေနှင့် အနုပညာပွဲတော်အတွက် စီစဉ်ဆောင်ရွက်ပေးသူများကို ကျေးဇူး တင်ရှိပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနကလည်း တတ်နိုင်သည့် အခန်းကဏ္ဍမှ ပါဝင်ခွင့်ရရှိသည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊  မိမိသည် ဆရာမကြီး၏ အမာခံ စာဖတ် ပရိသတ်တစ်ဦး ဖြစ်ပါကြောင်း၊ အခက်အခဲအမျိုးမျိုးကြားတွင် ဖြတ်သန်း လာခဲ့ရသည့် မိမိတို့မျိုးဆက်အပေါ် စာပေပညာရှင်ကြီးများ၏ စာပေကျေးဇူးသည် ကြီးမားပါကြောင်း၊ ဆရာမကြီး သက်ရှိထင်ရှားရှိပါက ယနေ့ခေတ် ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကာလ အခင်းအကျင်းရှိ လူ့ဘောင်ကို မည်သို့ မှတ်တမ်းတင်မလဲဟု မြင်ယောင်မိပါကြောင်း၊   ဆရာမကြီး၏ စာပေများစွာ ထာဝရရှင်သန် နိုင်ပါစေ၊ ကမ္ဘာအနှံ့ကို ပြန့်ပွားပါစေဟု ဆုတောင်းပါကြောင်း ပြောကြားသည်။

ယင်းနောက်  ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဆရာမ ဒေါ်သန်းမြင့်အောင်က အမှာ စကား ပြောကြားပြီး မိုးမိုး(အင်းလျား) မိသားစုကိုယ်စား သားငယ် ကိုဇော်မျိုးညွန့်က အမှာစကား ပြောကြားသည်။

 

jkhsjfh

 

ထို့နောက် စာရေးဆရာမများဖြစ်ကြသည့် ဆရာမကြူကြူသင်း၊ ဆရာမ စမ်းစမ်းနွဲ့ (သာယာ ဝတီ)၊ ဆရာမ မစန္ဒာနှင့် ဆရာမ မနှင်းဖွေးတို့က မိုးမိုးအကြောင်း ပြောရ အောင်စကားဝိုင်းကို ဝိုင်းဖွဲ့ ပြောကြားကြသည်။

ဆက်လက်၍ ပန်းချီဖေညွန့်ဝေက မိုးမိုး(အင်းလျား)ကို ပန်းချီဖြင့် ခံစားခြင်းခေါင်းစဉ်ဖြင့် ဟောပြောပြီး စာရေးဆရာမ နတ်မောက်အနီချိုက စာတမ်းဖတ်ကြားသည်။

ယင်းနောက် ယနေ့ခေတ် လူငယ်နှင့် ရသစာပေခေါင်းစဉ်ဖြင့် လူငယ်စာရေးဆရာများ ဖြစ်ကြသည့် သုတေးစစ်၊ ကောင်းကင်မေ (စီးပွားရေး တက္ကသိုလ်)၊ ပုလဲခေတ်ဒိုရေမီ၊ မိုရ်လွင် တို့က ဝိုင်းဖွဲ့ဆွေးနွေး ကြပြီး ကဗျာဆရာမ မအိနှင့် အဖွဲ့က အမှတ်တရ ကဗျာ ရွတ်ဆိုကြသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊  လွှတ်တော် ကိုယ်စား လှယ်များ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မိုးမိုး(အင်းလျား) ၇၅ နှစ် ပြည့်မွေးနေ့ အထိမ်းအမှတ် မြန်မာစာပေနှင့်အနုပညာပွဲတော် ကျင်းပရေးကော်မတီဝင်များ၊ စာပေနယ်ပယ် အသီးသီးမှ ပညာရှင်များနှင့် တာဝန်ရှိသူများ၊ စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြသည်။

စာရေးဆရာမကြီး မိုးမိုး(အင်းလျား)ကို ၁၉၄၄ ခုနှစ်တွင် ဒိုက်ဦးမြို့၌မွေးဖွားသည်။ ၁၉၆၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့တက်ရောက်ပြီး အင်းလျားဆောင်တွင် နေထိုင်စဉ် မိုးမိုး(အင်းလျား) ကလောင်အမည်ဖြင့် ကဗျာများ စတင် ရေးသားသည်။ ၁၉၇၂ ခုနှစ်တွင် ပထမဆုံး လုံးချင်းဝတ္ထုရှည် ပျောက်သောလမ်းမှာ စမ်းတဝါးကို ရေးသားခဲ့ပြီး ယင်းစာအုပ်ဖြင့် ၁၉၇၄ ခုနှစ် အမျိုးသားစာပေဆုနှင့် ဝတ္ထုတိုပေါင်းချုပ် စာအုပ်များဖြင့် ၁၉၈၀၊ ၁၉၈၂၊ ၁၉၈၆ ခုနှစ် တို့အတွက် ဝတ္ထုတိုဆုများကိုလည်း ရရှိခဲ့သည်။ ဆရာမကြီး ၏ ဝတ္ထုရှည်များကို   အင်္ဂလိပ်၊ ရုရှား၊ ဂျပန်၊ တရုတ် ဘာသာများဖြင့် ပြန်ဆိုဖော်ပြ ခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၀ ခုနှစ်အထိ စံပယ်ဖြူမဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် ကွယ်လွန်ခဲ့သည်။

ပွဲတော်ကို  အောက်တိုဘာ ၂၇ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ သုံးရက် တိုင်တိုင်ကျင်းပသွားမည်ဖြစ်သည်။ ပွဲတော်တွင် ခေတ်ဆက်ဆက်မှ စာရေးဆရာ ဆရာမကြီးများ၏ မှတ်တမ်းဓာတ်ပုံများ၊ ခဲစာလုံး ပုံနှိပ်ခေတ်ပြပွဲ၊ စာရေးသူ စာဖတ်သူ စကားဝိုင်း၊ ပန်းချီပြခန်း၊ ပန်းချီလက်တွေ့ရေးဆွဲခြင်း၊ ကာတွန်းပုံများ ပြသခြင်း၊ ပုံတူ ရုပ်ပြောင်များ ရေးဆွဲပေးခြင်း၊ စာပေ အနုပညာရှင်များ၏ သီဆိုဖျော်ဖြေတင်ဆက်မှုများ၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများမှ ဆိုင်ခန်းများ၊ စာအုပ်အရောင်းဆိုင်များ   ဖွင့်လှစ်ရောင်းချ လျက်ရှိပြီး စတုဒိသာကျွေးမွေး  ခဲ့ကြောင်း သိရသည်။   

သတင်း - ဥမ္မာစန္ဒီ ၊ ဓာတ်ပုံ - ရဲထွဋ်

 

lkhshfs