နေပြည်တော် ၂၅ အောက်တိုဘာ
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်ရှိ ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီနေ့ အထိမ်းအမှတ်ပွဲတော် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပသည်။
ရှေးဉီးစွာ ဒီပါဝလီနေ့ အထိမ်းအမှတ်ပွဲတော် အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဉီးဝင်းသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးစိုးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာဆော်ရက်(ဘ်)ကူးမားနှင့် ဟိန္ဒူဘာသာဝင် အကြီးအကဲများ က ဆီမီးထွန်းညှိ၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် အိန္ဒိယနိုင်ငံသံရုံးမှ ယဉ်ကျေးမှုအဖွဲ့က ဟိန္ဒူရိုးရာ ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ဒီပါဝလီပွဲတော်ကျင်းပရေးကော်မတီ နာယကတစ်ဦးက ဒီပါဝလီ ပွဲတော်အကြောင်းကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယခုပွဲတော် အခါ သမယတွင် ဟိန္ဒူဘာသာဝင်များ ကျန်းမာရေးကောင်းမွန်ခြင်း၊ စီးပွားရေးလုပ်ငန်းများ တိုးတက်ခြင်းနှင့် လူမှုရေးကိစ္စများအဆင်ပြေခြင်းတို့ကို ခံစားရရှိကြပါစေဟု ဆုတောင်း မေတ္တာပို့သသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာဆော်ရက်(ဘ်) ကူးမားနှင့် နီပေါသံရုံးမှ တာဝန်ရှိသူတစ်ဦးတို့က အမှတ်တရစကား ပြောကြားကြပြီး အိန္ဒိယနိုင်ငံသံရုံးမှ ယဉ်ကျေးမှုအဖွဲ့က ဟိန္ဒူရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကာ အထိမ်းအမှတ်ပွဲတော်ကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပကြ သည်။
(သတင်းစဉ်)


