မကွေး ၂၆ အောက်တိုဘာ
မကွေးမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိတ်ကူးချိုချို စာအုပ်တိုက်တို့ ပူးပေါင်းစီစဉ်မှုဖြင့် စာအုပ်ဈေးရောင်းပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ရုံးဝင်း အတွင်းတွင် အောက်တိုဘာ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ နေ့စဉ် နံနက် ၈ နာရီမှ ည ၈ နာရီ အထိ (၅) ရက် တိုင်တိုင် စာအုပ်များကို ခင်းကျင်းရောင်းချလျက်ရှိရာ အောက်တိုဘာ ၂၆ ရက် (စနေနေ့) နံနက်စောပိုင်းမှ စတင်၍ ရုံးပိတ်၊ ကျောင်းပိတ်ရက်ဖြစ်သည်နှင့်အညီ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် မကွေးမြို့ရှိ စာပေချစ်သူ စာပေမြတ်နိုးသူ မိဘပြည်သူ ညီအကိုမောင်နှမများ လာရောက် ကြည့်ရှုလေ့လာ စာပေဖတ်ရှုသူ၊ ဝယ်ယူအားပေးသူများ ယခင်နေ့များထက် ပိုမိုစည်ကားများပြားလျက် ရှိသည်။
အဆိုပါစာအုပ်ဈေးရောင်းပွဲတွင် စိတ်ကူးချိုချိုစာအုပ်တိုက်မှ ထုတ်ဝေဖြန့်ချီထားသည့် ပုံပြင်၊ဝတ္ထု နှင့်ဘာသာရေးဆိုင်ရာစာအုပ်များ၊ စီးပွားရေးနှင့် ပညာရေးဆိုင်ရာ အထောက်အကူပြုစာအုပ်များ၊ ကျန်းမာရေးနှင့် ဟင်းချက်နည်းစာအုပ်များ၊ ကဗျာစာအုပ်များကို ဝယ်ယူသူ မိဘပြည်သူများကို ကျေးဇူးတုံ့ပြန်သောအားဖြင့် (၁၀)ရာခိုင်နှုန်း အထူးလျော့၍ ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)


