ရန်ကုန်  ၂၆  အောက်တိုဘာ

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သံအမတ်ကြီး H.E. Mr.Lee Sang Hwa ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး၊ တံတားဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ကိုရီးယား-မြန်မာ ချစ်ကြည်ရေး(ဒလ) တံတားစီမံကိန်းလုပ်ငန်းခွင်ဖြစ်သည့် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်း တို့ရှိ တံတားစီမံကိန်းဧရိယာအတွင်းရှိ လုပ်ငန်းခွင်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

1

 

ရန်ကုန်မြို့ ဘုန်းကြီးလမ်းနှင့် ဒလမြို့ ဗိုလ်မင်းရောင်လမ်း ဘက်ခြမ်းရှိ တံတားစီမံကိန်း ယာယီရှင်းလင်း ဆောင်တို့၌ JV of Soosung,Dohwa,Jinwoo ကုမ္ပဏီတို့မှ Consultant အတိုင်ပင်ခံအဖွဲ့ မှတာဝန်ရှိသူများ၊ Contractor GS Engineering& Construction မှ တာဝန်ရှိသူများနှင့် တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချို၊ ရန်ကုန်ဘက်ခြမ်းနှင့် ဒလဘက်ခြမ်းတံတားတည်ဆောက်ရေး တာဝန်ခံအင်ဂျင်နီယာများက တံတားတည်ဆောက်ရေး လုပ်ငန်းခွင်၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေး စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ Bored Pile တူးဖော်ရာ၌ အဆင့်မြင့်နည်းပညာ စက်ပစ္စည်းများဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မှု၊ ဒေသခံပြည်သူများ သွားလာရေး အဆင်ပြေစေရေးအတွက် ချဉ်းကပ်လမ်းနှင့် ရေမြောင်းတူးဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က ကိုရီးယား-မြန်မာချစ်ကြည်ရေး (ဒလ) မြစ်ကူးတံတားကြီး တည်ဆောက်ရာတွင် အရည်အသွေး စံချိန်စံညွှန်းပြည့်မီစေရေး သေသပ်ကောင်းမွန်စေရေး၊ သတ်မှတ်ထားသည့် ကာလအတွင်း၌ အချိန်မီပြီးစီးနိုင်ရေးအတွက် အထူးအလေးထားဆောင်ရွက်ရန် သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့သည်။

 

1

 

ယင်းနောက် အဆင့်မြင့်နည်းပညာ စက်ပစ္စည်းဖြင့်ဘိုးပိုင်တူးခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ တံတားကမ်းကပ်ခုံလုပ်ငန်းများ၊ တံတားချဉ်းကပ်လမ်းလုပ်ငန်းများ၊ ဝန်ထမ်းများနားနေဆောင်၊ စီမံကိန်းလုပ်ငန်းများ အရှိန်အဟုန်ဖြင့် လည်ပတ်နိုင်ရေး၊ တံတားတည်ဆောက်ရေး ပစ္စည်းများသယ်/ချနိုင်မှုအခြေအနေများ၊ ရန်ကုန်မြစ်ကို ဖြတ်သန်းပြီး ဘုန်းကြီးလမ်းတို့သို့ ဆက်သွယ်တည်ဆောက်မည့် နေရာတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။

 

ရန်ကုန်-ဒလ မြစ်ကူးတံတားကြီးကို ကိုရီးယားသမ္မတနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနှင့် မြန်မာအစိုးရ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ၃၀ ဒသမ ၃၄၁ သန်းဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။ ပင်မတံတားအရှည် မှာ ၆၉၀ m ၊ ဒလဘက်ကမ်း ချဉ်းကပ်တံတားအရှည် ၆၀၁ m ၊ ရန်ကုန်ဘက်ကမ်း ချဉ်းကပ်တံတားအရှည် ၅၇၆ m ၊ ဒလဘက်ကမ်းခြေဆင်းလျှောလမ်းအကျယ် ၄၂၅ m ၊ ရန်ကုန်ဘက်ကမ်း ခြေဆင်းလျှောလမ်းအကျယ် ၆၃၀ m ရှိပြီး၊တံတားအောက် ရေလမ်းကင်းလွတ်အမြင့် ၄၉ မီတာ၊ ရေလမ်းကင်းလွတ်အကျယ် ၃၇၀ မီတာ ဖြစ်သဖြင့်Dead Weight Tonnage(DWT) ၁၅၀၀၀ တန်ချိန်ရှိ ပင်လယ်ကူးသင်္ဘောကြီးများ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပြီး၊ တည်ဆောက်ရေးကာလ (၄၁) လ ကြာမြင့်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရသည်။

 

“တံတားကြီးတည်ဆောက်ပြီးစီးသွားရင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဒလမြို့နယ်၊တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ် သာမက ဧရာဝတီတိုင်းဒေသကြီးသို့ လွယ်ကူလျင်မြန်စွာ ဆက်သွယ်သွားလာ နိုင်မှာဖြစ်တယ်၊ ထို့အတူပဲ စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်စီးဆင်းနိုင်လို့ အဲ့ဒီ ဒေသတွေမှာ ရှိကြတဲ့ ပြည်သူများရဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင်များလည်း တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း” ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိန်မြအေး က ပြောကြားခဲ့သည်။

 

သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(ဒလ)