ကျိုင်းတုံ ၂၆ အောက်တိုဘာ
တန်ဆောင်တိုင် ဘုံကထိန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ၄၇ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ် လှူဒါန်းပွဲအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည်။
အဆိုပါ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲတွင် နိုဝင်ဘာလ ၅ ရက် နံနက် ၉ နာရီ ၌ မြို့မရဲစခန်းရှေ့ လွတ်လပ်ရေးကျောက်တိုင်တွင် ပဒေသာပင်များ စုရပ်ထား၍ သာသနာ့ဗိမာန်သို့ လှည့်လည် ပို့ဆောင်မည်ဖြစ်ပြီး ညပိုင်းတွင် ပြည်သူလူထုများ ကြည်ညိုသဒ္ဓါ ပွားများနိုင်ရေးအတွက် မီးရောင်စုံများဖြင့် ခင်းကျင်းပြသထားမည် ဖြစ်သည်။
“ဒီနှစ်မှာ ပဒေသာပင် ၁၂၀ ၊ ပင့် သံဃာများကို ဆွမ်းနဲ့လှူဖွယ်ပစ္စည်းတွေ ဆက်ကပ်ပြီး ပဒေသာပင်တွေ လှည့်လည်ပို့ဆောင်ရာမှာလည်း စည်ကားသိုက်မြိုက်စွာ ပို့ဆောင်သွားမှာပါ” ဟု ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုက ပြောသည်။
နိုဝင်ဘာ ၅ ရက်နေ့ ညပိုင်း မြို့နယ်သာသနာ့ဗိမာန်တော်တွင် ပျော်ပွဲရွှင်ပွဲအဖြစ် မြို့နယ် ရုပ်ရှင် မြှင့်တင်ရေးဌာနမှ ရုပ်ရှင်ပြသသွားမည်ဖြစ်ပြီး တာဝန်ရှိသူများက ညှပ်မကြီးအပါအဝင် ပဒေသာပင်များ ပါဝင်လှူဒါန်းနိုင်ရေး နှိုးဆော်ခြင်းနှင့် ကထိန်မရရှိသော ကျောင်းများအား ကထိန်သင်္ကန်းနှင့် လှူ ဖွယ်ပစ္စည်းများ ဆက်ကပ်နိုင်ရေး ကြိုတင်စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲဝင်းထွန်း(ပြန်/ဆက်)


