၂၆ အောက်တိုဘာ

၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် ကာတာနိုင်ငံ ဒိုဟာမြို့၌ လေ့ကျင့်နေသည့် မြန်မာ ယူ-၂၂ အသင်းသည် ပထမဆုံးခြေစမ်းပွဲအဖြစ် အောက်တိုဘာ ၂၅ ရက် မြန်မာစံတော်ချိန် ညပိုင်းက နီပေါ ယူ-၂၂ အသင်းနှင့် ခြေစမ်းကစားခဲ့ရာ နှစ်ဂိုးစီသရေကျခဲ့သည်။

မြန်မာ ယူ-၂၂ အသင်းသည် စက်တင်ဘာတွင် ထိုင်းကလပ်အသင်းများနှင့် ခြေစမ်းပြီးနောက်ပိုင်း တစ်လကျော်အကြာမှ ပြန်လည်ကစားခြင်းဖြစ်သောကြောင့် အကောင်းဆုံးပုံစံမရဘဲ ရုန်းကန်ခဲ့ရသည်။ နီပေါ ယူ-၂၂ အသင်းမှာလည်း အကောင်းဆုံးတုံ့ပြန်ကစားခဲ့ရာ မြန်မာအသင်းသည် နှစ်ကြိမ်တိုင် နောက်မှလိုက်ကစားခဲ့ရပြီး သရေကျခဲ့ခြင်းဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်း၏ ပွဲထွက်လူစာရင်းတွင် ဝင်းမိုးကျော်၊ ရဲမင်းသူ၊ အောင်ဝဏ္ဏစိုး၊ ရဲရင့်အောင်၊ အောင်နိုင်ဝင်း၊ လွင်မိုးအောင်၊ မြတ်ကောင်းခန့်၊ အောင်ကောင်းမာန်၊ ဆန်းဆက်နိုင် (ဂိုး) ထက်ဖြိုးဝေ၊ နေမိုးနိုင်တို့ဖြင့် ပွဲထွက်ခဲ့သည်။ ပွဲအစ နှစ်မိနစ်မှာပင် နီပေါအသင်း ဂိုးစရခဲ့ပြီး အာနန်တန်က ထောင့်ကန်ဘောမှတစ်ဆင့် ခေါင်းတိုက်သွင်းခဲ့ခြင်းဖြစ်သည်။ စောစီးစွာဂိုးပေးလိုက်ရသောကြောင့် မြန်မာ ယူ-၂၂ အသင်း ချေပဂိုးပြန်ရရန် ကြိုးပမ်းလာသလို နီပေါအသင်းကလည်း တိုက်စစ်အားပြုကစားခဲ့သည်။ မိနစ် ၄၀ တွင် မြန်မာအသင်း ချေပဂိုးပြန်ရခဲ့ပြီး လွင်မိုးအောင်က သွင်းယူခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင်လည်း နှစ်သင်းစလုံး တိုက်စစ်အားပြုကစားခဲ့သော်လည်း မြန်မာအသင်းသည် အချိတ်အဆက်လွဲချော်နေသောကြောင့် တိုက်စစ်မှာ ထင်သလောက်မထိရောက်ဖြစ်ခဲ့ရသည်။ မိနစ် ၆၀ တွင် ဆူဘားက နီပေါအသင်းအတွက် ဒုတိယဂိုးထပ်သွင်းသော်လည်း၆၇ မိနစ်တွင် လွင်မိုးအောင်က ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းပြီး ချေပဂိုးပြန်သွင်းခဲ့သည်။


မြန်မာ ယူ-၂၂ အသင်းသည် အောက်တိုဘာ ၃၁ ရက်အထိ ကာတာနိုင်ငံ၌ လေ့ကျင့်မည်ဖြစ်ပြီး ဒုတိယခြေစမ်းပွဲအဖြစ် အောက်တိုဘာ ၂၈ ရက်တွင် ကာတာကလပ် အယ်လ်အိုဝေနာအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-MFF