၂၆ အောက်တိုဘာ
၂၀၂၀ အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၉ အသင်းသည် လာအို ယူ-၁၉ အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယင်းခြေစမ်းပွဲကို အောက်တိုဘာ ၂၇ ရက် ညနေ ၅ နာရီတွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး ဝင်ကြေးအခမဲ့သတ်မှတ်ထားသည်။
မြန်မာ ယူ-၁၉ အသင်းသည် အာရှခြေစစ်ပွဲမတိုင်မီ အပြီးသတ်ပြင်ဆင်မှုများပြုလုပ်ရန် ခြေစမ်းပွဲကစားခြင်းဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းကတည်းက စခန်းဝင်လေ့ကျင့်ပြင်ဆင်ခဲ့သည့် အသင်းဖြစ်ကာ အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် စက်တင်ဘာ ၁၂ ရက်တွင် ပြန်လည်လေ့ကျင့်ပြင်ဆင်ခဲ့သည်။
မြန်မာ ယူ-၁၉ အသင်းသည် စက်တင်ဘာ ၂၈ ရက်မှှ အောက်တိုဘာ ၁ ရက်အထိ ကျင်းပသည့်တရုတ်တိုင်ပေ ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဒုတိယဆုရခဲ့သည်။ ယင်းပြိုင်ပွဲအပြီးတွင် လေ့ကျင့်မှုများသာ ပြုလုပ်ခဲ့ပြီး ပြိုင်ပွဲစတင်ခါနီး တစ်ပတ်ကျော်အလိုမှ ခြေစမ်းပွဲကစားခြင်းဖြစ်သည်။
ယင်းအသင်းကိုနည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက ကိုင်တွယ်နေပြီး ကစားသမား ၂၉ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။ ပဏာကစားသမားများအနက် ဟိန်းထက်အောင်နှင့် ပြည့်စုံနိုင်မှာ မြန်မာ ယူ-၂၂ အသင်းနှင့်အတူ ကာတာခြေစမ်းခရီးစဉ်သို့ လိုက်ပါသွားသောကြောင့် ကျန် ၂၇ ဦးဖြင့်သာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အာရှခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၉ အသင်းတွင် အုပ်ချုပ်သူ-ဦးရဲဝင်းအောင်၊ နည်းပြချုပ်-ဦးစိုးမြတ်မင်း၊ လက်ထောက်နည်းပြ-ဦးမင်းမင်းထွန်း၊ ဦးအောင်လတ်သူ၊ ဂိုးနည်းပြ-ဦးစိန်အေး၊ ကစားသမားများအဖြစ် ဂိုး- ပြည့်ဖြိုးသူ၊ နေလင်းထက်၊ စောထက်၊ နောက်တန်း- စည်သူမိုးခန့်၊ သက်ဟိန်းစိုး၊ ဉာဏ်လင်းထက်၊ ရှင်းသန့်အောင်၊ ဝေယံစိုး၊ စောထော်နေမူး၊ ကောင်းခန့်ကျော် (၁)၊ မျိုးကိုကိုလင်း၊ အလယ်တန်း- အောင်ကိုဦး၊ ရန်ကျော်စိုး၊ ရဲမင်းကျော်၊ နောင်နောင်စိုး၊ ဇော်ဝင်းသိန်း၊ ပြည့်ဖြိုးအောင်၊ ခွန်ကျော်ဇင်ဟိန်း၊ မိုးဆွေ၊ ဟိန်းထက်အောင်၊ သူရအောင်၊ ရန်နိုင်လင်း၊ ပြည့်စုံနိုင်၊ ရှေ့တန်း- ကောင်းဇင်မိုး၊ လမင်းထွေး၊ ညီညီ၊ စောကျော်အဲ၊ သြဘာခနှင့် ရဲထက်အောင်တို့ ပါဝင်ကြသည်။
၂၀၂၀ အာရှ ယူ-၁၉ ခြေစစ်ပွဲမှ မြန်မာအသင်းပါဝင်သော အုပ်စု (I) ပွဲစဉ်များကို နိုဝင်ဘာ ၆ ရက်မှ ၁၀ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။ ယင်းအုပ်စုတွင် တောင်ကိုရီးယား၊ တရုတ်၊ မြန်မာနှင့် စင်ကာပူအသင်းတို့ ပါဝင်နေသည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်