ရန်ကုန် ၂၆ အောက်တိုဘာ
အခြေခံအဆောက်အဉီများတွင် အဓိကကျသည့် အခြေခံအုတ်မြစ်၊ လမ်း၊ တံတား၊ ဆိပ်ကမ်း၊ ရေကာတာများ တည်ဆောက်ရေးစီမံကိန်းများတွင် အသုံးပြနိုင်သော ဆောက်လုပ်ရေးလုပ်ငန်းသုံး နည်းပညာမြင့်ထုတ်ကုန် များနှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာလ ၂၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ Lotte ဟိုတယ် ၌ ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ရိုဂျင်းဘိလပ်မြေ မန်နေးဂျင်းဒါရိုက်တာ Mr. Kim Jong Sik ၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဉီးဟန်ဇော်၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး Mr. Lee Sang Hwa နှင့် တာဝန်ရှိသူများက အမှာစကားများ ပြောကြားခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရိုဂျင်းဘိလပ်မြေအုပ်စုနှင့် မြန်မာ- ကိုရီးယားနှစ်နိုင်ငံမှ နည်းပညာရပ်ဆိုင်ရာ စာတမ်းရှင်များ၊ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြပြီး ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေအသုံးပြုမှုဆိုင်ရာစာတမ်း၊ မြန်မာနိုင်ငံ၏ ရာသီဉတုနှင့်လိုက်လျော ညီထွေသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်အသုံးပြုနိုင်ရေး၊ ပြည်တွင်း၌ နိုင်ငံတကာ အဆင့်မီစီမံကိန်းကြီးများ ဖော်ဆောင်ရာတွင် မြန်မာအင်ဂျင်နီယာများမှ နည်းပညာအသုံးပြု၍ ပုံစံထုတ်ခြင်း၊ ကြီးကြပ်ခြင်းတို့ ပါဝင်သောစာတမ်းများနှင့် ပညာရပ်ဆိုင်ရာများကို ဖတ်ကြားဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်ပြီး ကိုရီးယားသမ္မတနိုင်ငံနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိသော အဓိက စီမံကိန်းကြီး ၂ ခုမှာ ရန်ကုန်မြစ်ပေါ်တွင်တည်ဆောက်လျက်ရှိသော ရန်ကုန် မြို့နှင့်ဒလမြို့ကို ဆက်သွယ်မည့် မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားစီမံကိန်းနှင့် ရန်ကုန်တိုင်းဒေ သကြီး ညောင်နှစ်ပင်ဒေသတွင် အကောင်အထည်ဖော်လျက်ရှိသော Korea-Myanmar Industry Complex စီမံကိန်းတို့ဖြစ်သည်။
“နိုင်ငံတကာအဆင့်မီ စီမံကိန်းကြီးများ အကောင်အထည်ဖော်တည်ဆောက်ရာမှာ မြန်မာအင်ဂျင်နီယာများ အနေနဲ့ အဆင့်မြင့်နည်းပညာများ ပုံစံထုတ်လုပ်ခြင်း၊ ကြီးကြပ်ခြင်းများကို လေ့လာပြီး အနာဂတ်ကာလ တည်ဆောက်ရေးလုပ်ငန်းများကို ပြန်လည်အသုံးချဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ စက်မှုနှင့်စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအရ လိုအပ်လာမယ့် အထပ်မြင့်အဆောက်အဉီများနှင့် ကြီးမားသော အဆောက်အဉီများ တည် ဆောက်ရာမှာ ရာသီဉတုအခြေအနေကို ထည့်သွင်းစဉ်းစားထားတဲ့ ကိုရီးယားအထူးဘိလပ်မြေအမျိုးအစား ဟာ နိုင်ငံရဲ့ အခြေခံအဆောက်အဉီများ တည်ဆောက်ရေးမှာ အဓိကကဏ္ဍက ပါဝင်လာမှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာကိုရီးယားပူးတွဲဆောင်ရွက်နေသော စီမံကိန်းကြီးများတွင် သီလဝါအထူးစီးပွားရေးဇုန်၌ ရင်းနှီးမြုပ်နှံ ထုတ်လုပ်လျက်ရှိသော ရိုဂျင်းမြန်မာစလပ်ဘိလပ်မြေ ဆောက်လုပ်ရေးလုပ်ငန်းသုံး အဆင့်မြင့်နည်းပညာ ထုတ်ကုန်များကို အသုံးပြုတည်ဆောက်မည်ဖြစ်ကြောင်း အဆိုပါအလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၃၀ ခုနှစ်တွင် လက်ရှိ ကီလိုမီတာ ၄၂၀၀၀ ရှိ လမ်းများအား ASEAN Class III (၁၈ ပေ အကျယ်) ကတ္တရာလမ်း/ကွန်ကရစ်လမ်းအဆင့် အနည်းဆုံးရောက်ရှိရေး၊ အဓိကလမ်းမကြီး များပေါ်ရှိ တံတားများအားလုံး ၂၄ ပေအကျယ် နှစ်လမ်းသွား အာစီတံတား/ အာစီ တံတား/သံဘောင်တံတား အဆင့် အနည်းဆုံးရောက်ရှိရေး၊ မြန်မာနိုင်ငံရှိ မြို့ပေါင်း ၃၃၀ ကျော်ကို စနစ်ကျလှသော မြို့ပြအဖြစ် အကွက် ကျတည်ဆောက်ပြီးဖြစ်သည့် မြို့များဖြစ်စေရေး၊ ကျေးရွာချင်းဆက်လမ်းများ၏ ၈၀ ရာခိုင်နှုန်းခန့်အား ရာသီ မရွေးသွားလာနိုင်သောလမ်းများအဖြစ် ဖောက်လုပ်ပေးနိုင်ရေးကို ရည်မှန်းချက်ထား လုပ်ဆောင်လျက်ရှိ ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ- ထိန်လင်း


