နေပြည်တော် ၂၆ အောက်တိုဘာ
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲကိုယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲသို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီ၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပ သတင်းဌာနများ စုစုပေါင်းသတင်းဌာန၂၁ ခုမှ သတင်းထောက်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က စစ်ပွဲဆိုင်ရာဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် ရှင်းလင်း ချက်များ၊ စစ်ပွဲဆိုင်ရာဥပဒေ(အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေ)၏ အခြေခံသဘောတရားများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒနှင့်သက် ဆိုင်သည့် စီရင်ပိုင်ခွင့်၊ အဓိပ္ပာယ်ဖော်ပြချက်နှင့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါး ဖမ်းဆီး ရမိမှုများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တပ်မတော်ကဏ္ဍ၊ AA အဖွဲ့၏ လုပ်ရပ်များအပေါ် စစ်မှုထမ်းဟောင်း အဖွဲ့၏ သတင်းထုတ်ပြန်ချက်၊ ရခိုင်ပြည်နယ်အတွင်း မီးသတ်တပ်ဖွဲ့ဝင်များအား ဖမ်းဆီး ခေါ်ဆောင်သွားမှု အခြေအနေများနှင့် ပတ်သက်၍ရှင်းလင်းပြောကြားကြသည်။
ထို့နောက် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာကြသည့် သတင်းဌာန များက သိရှိလိုသည်များ မေးမြန်းမှုအပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)


