စစ်ကိုင်း ၂၆  အောက်တိုဘာ

စစ်ကိုင်းမြို့တွင် အများပြည်သူသွားလာနေသည့် လမ်းမများပေါ်တွင် ကျူးကျော်ဖွင့်လှစ်ထားသည့် စျေးဆိုင်ခန်းများရှင်းလင်းပေးရန် စစ်ကိုင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သောင်းက တိုက်တွန်းပြောကြားလိုက်သည်။

 အောက်တိုဘာလ ၂၅ ရက်နေ့၊နေ့လယ် ၁ နာရီအချိန်ကျော်က စစ်ကိုင်းမြို့၊မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးကော်မတီထံ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ဆောင်ရွက်မည့် ငွေလုံးငွေရင်းလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးအခမ်းအနားတွင် စစ်ကိုင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သောင်းက စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီသို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

''လမ်းဘေးကို ကျူးကျော်ပြီး နေရာယူပြီး ဆောက်ရွက်ခဲ့တဲ့ အနေအထားက နှစ်နဲ့ချီပြီး ကြာလာရင် ဒါဟာ ငါမြေ၊ငါဟာလို့ ထင်တတ်ပါတယ်။ဘာလို့လဲဆိုတော့ အမှားကြာလို့ အမှန်ထင်လာတာပါ။အရင်က လမ်းတွေသွားလို့မရလို့၊ကျဉ်းလို့ ၂၄ နာရီ ပျံကျစျေးဆိုပြီးကျွန်တော်တို့ ဆောင်ရွက်ပေးထားတယ်၊ခုချိန်ထိလည်း လမ်းကကျဉ်းနေတာ တွေ့မြင်ရတယ်။ဘာလို့ ကျဉ်းနေတာလဲ လမ်းဘေးမှာ ကျူးနေလို့ အုပ်ချုပ်ရေးမှူးရော စည်ပင်မှာရောတာဝန်ရှိတယ်၊ မြို့ထဲမှာ ကြည့်လိုက်ရင်သိပါတယ် ဘယ်သူတွေက လမ်းပေါ်မှာ ဘယ်လိုချဲ့တယ်။ ဘယ်လိုကျူးတယ် ဆိုတာမြင်သာပါတယ် အဲလို ဆောင်ရွက်ထားတဲ့ အနေအထားမျိုးတွေ ဒါတွေငါပြောလိုက်ရင် မုန်းမှာပဲဆိုပြီး ရှောင်မယ်ဆိုရင်တော့ တာဝန်မကျေပွန်ဘူးလို့ ယူဆပါတယ်။''စစ်ကိုင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သောင်းက ပြောသည်။

ယင်းကဲ့သို့ အများပြည်သူသွားလာနေသည့် လမ်းမများပေါ်တွင် ကျူးကျော်ဖွင့်လှစ်ထားသည့် စျေးဆိုင်ခန်းများနှင့်ပတ်သက်၍ စည်ပင်သာယာရေးကော်မတီတစ်ခုတည်းတွင် တာဝန်ရှိသည်မဟုတ်ကြောင်း၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများတွင်လည်း တာဝန်ရှိသည့်အတွက် စည်ပင်သာယာရေးကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ၎င်းကပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အများပြည်သူသွားလာနေသည့် လမ်းမများပေါ်တွင် ကျူးကျော်၍ဖွင့်လှစ်ထားသော စျေးဆိုင်ခန်းများကို ဖယ်ရှားပေးရန် အကြိမ်ကြိမ် သတိပေးပြောကြားသွားမည်ဖြစ်ပြီး ဖယ်ရှားပေးခြင်းမရှိပါက တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးစည်ပင်သာယာရေး ကော်မတီအဖွဲ့ထံကသိရ သည်။

ခိုင်ဇေယျ