ရန်ကုန် ၂၇ အောက်တိုဘာ
မိုးမိုး(အင်းလျား) ၇၅ နှစ်ပြည့် အထိမ်းအမှတ် မြန်မာစာပေ နှင့် အနုပညာပွဲတော်ကို ရန်ကုန်မြို့ ပုံနှိပ်ရေးနှင့် ထုတ်ဝေ ရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ အမှတ် ၂၂၈ သိမ်ဖြူလမ်း ဗိုလ်တထောင်မြို့နယ်တွင် ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပလျက်ရှိရာ လာရောက်ကြည့်ရှုလေ့လာသူများဖြင့် စည်ကားလျက်ရှိသည်။
အဆိုပါပွဲတော်တွင် ရုပ်ရှင်အနုပညာရှင်များ၊ ကဗျာ ဆရာ ဆရာမများ၊ စာရေးဆရာ ဆရာမများက အနုပညာ အတွေ့အကြုံများ၊ စာပေအတွေ့အကြုံများကို ဟောပြောပွဲ အစီအစဉ်အတိုင်း နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ဟောပြောကြသည်။
ခဲစာလုံးစာစီ(ပုံနှိပ်ခေတ်) ပြခန်းကိုလည်း ဒုတိယနေ့အဖြစ် ဆက်လက်ပြသလျက်ရှိရာ စိတ်ပါဝင်စားသူများ စည်ကားစွာ လာရောက်လေ့လာ ကြည့်ရှုကြကြောင်း သိရသည်။ လာရောက်ကြည့်ရှုသူများထဲမှ ယခင်ခေတ် ပုံနှိပ်တိုက်ပိုင်ရှင်များ၊ ထုတ်ဝေသူများ၊ အယ်ဒီတာများ၊ ခဲစာလုံးစာစီသမားများပါဝင်ပြီး ၎င်းတို့က ကိုယ်တိုင် ဝင်ရောက်သရုပ်ပြသခြင်းများဖြင့် ပျော်ရွှင်စွာကျင်းပလျက်ရှိသည်။ ခဲစာလုံးစာစီလုပ်ငန်းကို မသိမမီ လိုက်သူများကလည်း သရုပ်ပြမှုများကို အထူးစိတ်ဝင်စားစွာ လေ့လာကြည့်ရှုကြပြီး မှတ်တမ်းဗီဒီယိုများ၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။
ဒီဆား


