မြိတ်   ၂၇  အောက်တိုဘာ 

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၏ သန်းခေါင်အချိန်မှ လမ်းနံဘေးတွင် ရောင်းချရသည့် ငါးဈေးကို ညဦးအချိန် ငါးဈေးအဖြစ် ငါးလေလံဈေးတွင် အောက်တိုဘာ ၂၆ ရက် ည ၇ နာရီတွင် ပြောင်းရွေ့ဖွင့်လှစ် ရောင်းချ ခဲ့ရာ  ရောင်းသူဝယ်သူများ ပိုမိုအဆင်ပြေလျက်ရှိကြသည်။

 

ဒီမှာအဆင်ပြေပါတယ် ဟိုဘက်မှာရောင်းတုန်းက အဆင်မပြေဘူး။ မိုးလုံလေလုံနဲ့ စိတ်ချမ်းသာပါတယ်။ ဒီနေ့အရောင်းအဝယ်လေးလည်း အဆင်ပြေတယ်။ စဖွင့်ခါစ မရောင်းရဘူး ထင်နေတာ ဒီနေ့ပိုရောင်း ကောင်းတယ်။ သပ်သပ်ရပ်ရပ်နဲ့ ကောင်းကောင်းမွန်မွန်ရောင်းရတယ်။ အားလုံးပဲ အသွားအလာ အိပ်ရေးတွေလည်း မပျက်တော့ဘူး။ ၇ နာရီက စရောင်းတော့ ဟိုမှာက ၁၂  နာရီကျမှ စဖွင့်ပြီးရောင်းရတာ ပြန်ရင်တစ်နာရီ နှစ်နာရီမှ ပြန်ရတယ်။ အခုကျတော့ အချိန်မှန်လေးလည်း ပြန်ရတယ်။ သွားရလာရ လင်းလင်းရှင်းရှင်းနဲ့ အဆင်ပြေပါတယ် ဟု ငါးဈေးရောင်းသူ ဒေါ်နီလာသန်း က ပြောသည်။

 

ယခင်ငါးဈေးရောင်းချမှုသည် ရပ်ကွက်အတွင်း လမ်းနံဘေး၌ဖြစ်နေ၍ ပြည်သူများ အနံ့အသက် ဆိုးဒဏ် မခံနိုင်သည့်အတွက် ရပ်ကွက်အချို့သို့ ပြောင်းရွှေ့ရောင်းချမှုများရှိခဲ့သည်။ ညသန်းခေါင် အချိန် မိုးထဲလေထဲ၌ အမိုးအကာမရှိဘဲ ပင်ပန်းစွာ အခက်အခဲများဖြင့် ရောင်းချမှုများရှိခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ငါးဈေးရောင်းသူဝယ်သူများ အဆင်ပြေစေရေးနှင့် မြိတ်ငါးလေလံဈေး အကောင်အထည်ဖော်ရေး ပထမခြေလှမ်းအဖြစ် ကြိုးစားဆောင်ရွက်ခဲ့ကြသဖြင့် ပြောင်းရွေ့ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။

 

 “ ဒီနေ့စတင်တဲ့ ငါးဈေးသည် လေလံဈေးအဆင့်တော့မရောက်သေးဘူး။ ဒီတစ်နှစ်အတွင်း လေလံငါး ရောင်းတဲ့အဆင့် ရောက်မယ်လို့မျှော်မှန်းထားတယ်။ အခက်အခဲတွေတော့ အများကြီးရှိပါတယ်။နေရာအနေအထား နေသားတကျမဖြစ်သေးတာ လှေဆိပ်ကမ်း ကပ်ဖို့ရေချိန်မမီတာတွေ ဒီမှာရောင်းနေပြီ သတင်းအချက် အလက် တခြားငါးရောင်းသူတွေဆီ မရောက်သေးတာတွေကြောင့် သူတို့အခက်အခဲတွေ ရှိပါလိမ့်မယ်။ ဒီလို ငါးဈေးကို ပြည်သူတွေ အနေနဲ့ လုံလုံခြုံခြုံနဲ့ ရောင်းဝယ်ဖောက်ကားနိုင်တဲ့နေရာမျိုး ရှိဖို့လိုတယ်။ ရှိဖို့လည်း ဝိုင်းပြီး ကြိုးစားလို့ဖြစ်ပေါ်လာတာပါ။ အောင်မြင်မယ်လို့လည်းယုံကြည်ပါတယ် ဟု အရပ်ဖက် လူမှုအဖွဲ့အစည်း မှ ဦးတင်ကိုကိုဦးက ဆိုသည်။    

 

ယခင်ငါးဈေးကို သန်းခေါင်အချိန်ကျမှ ရောင်းသူများထံမှ ဈေးအသီးသီး၌ မနက်ပိုင်းတွင် ပြန်လည် ရောင်းချကြမည့်သူများ  ဝယ်ယူကြသော ဒိုင်ဈေးတစ်ခုဖြစ်သည်။ လမ်းနံဘေးတွင် အမိုးအကာမရှိဘဲ ရောင်းချရသဖြင့် အခက်အခဲများရှိပြီး အနံ့အသက်များကြောင့် ရပ်ကွက်နေ ပြည်သူများ မလိုလားသည့်အတွက် ဈေးသည်များ အမိုးအကာများဖြင့် ရေရှည်ဆောင်ရွက်နိုင်ရန်၊ ဈေးကွက်ဖွံ့ဖြိုးလာချိန် ဈေးပိုမိုရရှိလာရန် ရည်ရွယ်ချက်ဖြင့် ငါးလေလံဈေးသို့ ပြောင်းရွေ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

 “လောလောဆယ်(၄၂)ခန်းရှိပါတယ်။ လာရောင်းတဲ့သူများရင် နောက်ထပ်နေရာ အလွှတ်တွေရှိပါသေးတယ်။ ထပ်မံပြီးချဲ့ထွင်သွားမှာဖြစ်ပါတယ်။ လောလောဆယ် လာရောင်းတဲ့ သူတွေကို အခွင်အခ ဒီနှစ်ကုန်အထိ ဘာမှမယူထားပါဘူး။ (၂၀၂၀)ကျမှသာ သူတို့ရောင်းတဲ့ တန်ဖိုးတက်လာတဲ့ ကုန်ပစ္စည်းတွေ ပေါ်မူတည် ပြီးတော့ နိုင်ငံတကာဝယ်လက်တွေ တခြားသော ငါးလှေပိုင်ရှင်တွေ လာရောင်းဖို့ ညှိနှိုင်းထားတာရှိပါတယ်။ ဒါတွေအပေါ် မူတည်ပြီး အားလုံးတိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းလုပ်ဆောင်သွားမျာဖြစ်ပါတယ် ” ဟု ငါးလေလံဈေး မှ ဒေါ်ဌေးဌေးဝင်း က ပြောသည်။         

 

ငါးဈေးကို ည(၇)နာရီမှ(၁၀)နာရီအထိ ရောင်းချရန်စီစဉ်ပေးထားပြီး လက်ရှိအချိန်တွင် နောက်အကျ ဆုံး(၁၂)နာရီအထိ ငါးလေလံဈေးတာဝန်ရှိသူများမှ ရောင်းချခွင့်ပေးထားကြောင်း၊ ယခင်ဈေးတွင် နေရာကျဉ်း သဖြင့် နောက်ထပ်လာရောင်းချင်သူများရှိခဲ့ပြီး နေရာမပေးနိုင်သဖြင့် မရောင်းချရကြောင်း၊ ယခုငါးလေလံဈေးတွင် ဝါလတ် ဝါတန်းငါးလှေများ အားလုံးလာရောက် ရောင်းချနိုင်ကြောင်း၊ နောက်ပိုင်းဈေးကွက်၌ ဈေးကောင်းရရန် အားသာချက်များရှိကြောင်း သိရသည်။

 

ငါးလေလံဈေးတွင် ပြောင်းရွေ့ရောင်းချလျက်ရှိသော ငါးဈေး၌ ငါးမျိုးစိတ်မျိုးစုံ ငါးအရွယ်အစား မျိုးစုံ ၊ ပုစွန်၊ ကဏန်းများဖြင့် ခင်းကျင်းရောင်းချရာတွင် ဝယ်ယူသူ လာရောက်လေ့လာ ကြည့်ရှုသူများဖြင့် စည်ကားခဲ့ပြီး သန်းခေါင်အချိန်မှ လမ်းနံဘေးတွင် ရောင်းချရသည့်ငါးဈေးမှ ညဦးအချိန် ငါးဈေးအဖြစ် ငါးလေလံဈေးတွင်   ပြောင်းရွေ့ဖွင့်လှစ်ရောင်းဝယ်မှုမှာ  ရောင်းသူ ဝယ်သူများ ပိုမိုအဆင်ပြေလျက်ရှိကြကြောင်း သိရသည်။

 

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )