ပြင်ဦးလွင် ၂၇ အောက်တိုဘာ
ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတွင် ဆေးလိပ်အရောင်းမြှင့်တင်ရေးလုပ်ငန်းများ နှင့်ကြော်ငြာခြင်း လုပ်ငန်းများကို ပြုလုပ်လျှင် ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ပြင်ဦးလွင်မြို့အား ဆေးလိပ်ငွေ့ကင်းစင်ရေးမြို့အြဖစ် ဆောင်ရွက်ရာတွင် အခြေခံပညာ ကျောင်းများ၊ အစိုးရဌာနရုံးများ၊ ဘာသာရေးအဆောက် အအုံများ၊ လူအများစုဝေးလေ့ရှိသည့် နေရာများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများ၊ အားကစားရုံနှင့်ကစားကွင်းများ စသည့်နေရာများကို ဆေးလိပ်ငွေ့ကင်းစင်ရေးနေရာများအဖြစ် သတ်မှတ်ထားသည် ။
"ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲမစကတည်းက ဆေးလိပ်အရောင်းမြှင့်တင်ရေးနဲ့ ဆေးလိပ် အရောင်းဆိုင်တွေကို ခွင့်မပြုဘူးလို့ အစည်းအဝေးလုပ်ပြီးဆုးဖြတ်ထားတယ် ။ ရောင်းလို့ တွေ့ရင်တော့ ကျွန်တော်တို့ ဥပဒေအရတိတိကျကျ အရေးယူသွားမယ် ။ရဲ အရေးပိုင်ရင်လည်း ရဲလပ်အပ်ပြီး အမှုအတိုင်းဆောင်ရွက်သွားမယ် " ဟု အဆိုပါဌာနမှ ဌာနမှူး ဒေါက်တာသန်းဝင်းက ပြောသည်။
ပြင်ဦးလွင်မြို့ကို ဆေးလိပ် ငွေ့ကင်းစင်ရေးမြို့အဖြစ် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်၍ ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ပြင်ဦးလွင်ခရိုင်အတွင်းရှိ အစိုးရဌာနဆိုင်ရာရုံးများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများနှင့် အားကစားရုံ၊ အားကစားကွင်းများတွင် ဆေးလိပ်မသောက်ရ ကန့်သတ်နယ် မြေများအဖြစ် သတ်မှတ်ခဲ့ပြီးပြီဖြစ်သည် ။
" တန်တောင်တိုင်ပွဲမှာလာတဲ့သူတွေကို လက်ကမ်းစာစောင်တွေ ဖြန့်ဝေသွားမယ် ။ နောက်ပြီး ဆေးလိပ်နဲ့ ပတ်သတ်တာတွေအတွက် ပညာပေးပြခန်းတွေ ဖွင့်လှစ်ဆောင်ရွက်သွားမယ် ။ ပြီးတော့ ဆေးလိပ်အရောင်းဆိုင်တွေကိုလည်း လိုက်လံစစ်ဆေးအရေးယူသွားမယ် " ဟု ၎င်းကဆက်ပြောသည် ။
ပြင်ဦးလွင်မြို့တွင် ဆေးလိပ်မသောက်ရနယ်မြေ များအဖြစ် သတ်မှတ်ထားအပြင် ဆေးလိပ် သောက်ခွင့်ရှိသော နေရာများကိုပါ သီးသန့်ထားရှိပြီဖြစ်သည် ။
ပြင်ဦးလွင်တန်ဆောင်တိုင် ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၂ ရက်နေ့ထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည် ။
သူရိန်လင်း


