ဟိုပင် ၂၇ အောက်တိုဘာ
ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်း၏(၄၃)ကြိမ်မြောက် ကျန်းမာရေးအလှူတော်မင်္ဂလာ အခမ်းအနားကိုယနေ့နံနက် ၁၀ နာရီတွင် ဟိုပင်မြို့အထက်တန်း ကျောင်းလက်ရှိ ကျန်းမာရေး စောင့်ရှောက်မှုလုပ် ငန်းများဆောင်ရွက်လျက်ရှိသည့် မုခ်ဦးရှေ့တွင်ကျင်းပရာ ကချင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးထွန်းတင်နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသောငွေသိန်း(၅၀)နှင့် ရွှေပါရမီ ကျန်းမာရေး အလှူတော်အတွက် လှူဒါန်းငွေထည့်ဝင်ပေးကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်း လွှာများကို ပြည်နယ် ဝန်ကြီးများကပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံ ရယူခဲ့ကြပြီး ပြည်နယ်လွှတ်တော် ဥက္ကဌနှင့်တာဝန်ရှိသူများက ရောဂါကုသရေး ဌာနအလိုက် စစ်ဆေးကုသမှုလုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြ သည်။
ပြည်နယ်ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့်ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း တို့ ပူးပေါင်းဆောင်ရွက်သည့် (အခမဲ့) ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို မိုးညှင်းခရိုင်၊ ဟိုပင်မြို့ရှိအထက်တန်းကျောင်းတွင် အောက်တိုဘာလ (၂၅)ရက်နေ့မှ စတင် ဆောက်ရွက်လျက်ရှိရာ ယနေ့နောက်ဆုံးနေ့အဖြစ် ကျန်းမာရေးအလှူတော် မင်္ဂလာအခမ်းအနား ကျင်းပခြင်း ဖြစ်သည်။
ကျန်းမာရေးအခမဲ့စောင့်ရှောက်မှုပေးခဲ့သည့် ရောဂါများမှာ မျက်စိရောဂါ၊အထွေထွေရောဂါ၊ ကလေးရောဂါ၊ အရေပြားရောဂါ၊နား၊ နှာခေါင်း၊လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ အထွေထွေခွဲစိတ်နှင့် သားဖွားနှင့်မီးယပ်ရောဂါ၊ ဆီးနှင့်ကျောက်ကပ် ရောဂါစသည့်ရောဂါ (၁၀)မျိုးကို (၃)ရက်ကြာ အခမဲ့ စမ်းသပ်စစ်ဆေးကုသပေးခဲ့ခြင်းဖြစ်သည်။
ဆေးကုသမှုလုပ်ငန်း ပထမရက်တွင် ရောဂါအမျိုးအစားအလိုက် လူနာပေါင်း ၃၅၅၃ ဦး၊ ဒုတိယနေ့တွင် ၄၀၂၁ ဦးယနေ့တတိယနေ့ နောက်ဆုံးနေ့နံနက်(၁၁)နာရီခွဲ အချိန်အထိ ကလေး ၁၀၈ ဦး၊ အရေးပြား ၂၀၅ ဦး၊ သားဖွားနှင့်မီးယပ် ၉၂ ဦး၊ အရိုးအကြော ၄၀ဝ ဦး၊ မျက်စိ ၁၀၅၀ ဦး၊ သွားနှင့်ခံတွင်း ၂၀၃ ဦး၊ နား၊နှားခေါင်း၊လည်ချောင်း ၁၉၇ ဦး၊အထွေထွေထွေ ၇၇၉ ဦး စုစုပေါင်း ၃၀၃၄ ဦးရှိကြောင်း ရောဂါဌာနများအလိုက် တုံကင်စာရင်းပေးသွင်းရသည့်ဌာနများမှ သိရပြီး စမ်းသပ်စစ်ဆေးကုသမှု အရပထမနေ့တွင်လူနာ(၈၁)ဦး၊ ဒုတိယနေ့တွင် ၅၂ ဦးအား ခွဲစိတ်ကုသရန် မြို့နယ်လူမှုကူညီရေးအသင်းကားများဖြင့် မိုးညှင်းကုတင်(၁၀ဝ)ဆံ့ဆေးရုံကြီးသို့ လွှဲပြောင်း ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရွှေပါရမီဖောင်ဒေးရှင်မှအထူးကုဆရာဝန်ကြီး များ၏ကြီးကြပ်မှုနှင့်အတူ လူဦးရေ၁၂၃ဦးအားဖြည့်ဆောင်ရွက်ပေးခဲ့ကြပြီး ခရိုင်အုပ် ချုပ်ရေးအဖွဲ့ ၏ ပူးပေါင်းပါဝင်မှု၊ ဟိုပင်ဒေသမှ ပရဟိတအဖွဲ့များ၊ မြို့ပေါ် ကိုယ်ပိုင်ကျောင်းများမှ စေတနာ့ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား ၅၀ဝ ကျော်ပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ဆေးကုသရန် လာရောက်ကြသည့် လူနာများနှင့် လူနာစောင့်များ၊ဆေးကုသမှုလုပ်ငန်းတွင် လာရောက်ဝန်ရံ လုပ်အားဒါနပြုကြသူများအား နံနက်ခင်းစာပဲနို့နှင့်နေ့လည်စာ ထမင်းဘူး များအား အလှူရှင်ပြည်နယ် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ဝေငှပေးခဲ့ကြောင်း သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)


