ရပ်စောက် ၂၇ အောက်တိုဘာ
မြန်မာနိုင်ငံ ဘဏ္ဍာရေးကဏ္ဍတွင် ၁ဝဝ% ပါဝင်သော ဦးဆောင်ဘဏ်ကြီးအဖြစ် မိုဘိုင်းလ် အသုံးပြုစနစ်ကို သုံးစွဲနိုင်ရန် ပြည်သူများပူးပေါင်းပါဝင်စေလိုသော ရည်ရွယ်ချက်ဖြင့် ယမန်နေ့ ညနေ က ရပ်စောက်မြို့ ကမ္ဘောဇဘဏ်(၂) အဆောက်အဦ အနီး၌ KBZ Pay ဈေးပွဲ တော်ကို ကျင်းပပြုလုပ်ခဲ့သည်။
ဈေးပွဲတော်အား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်ကိုကိုနှင့် ကမ္ဘောဇဘဏ်(၂) တာဝန်ခံ ဒေါ်သင်းသင်းအိ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဘဏ်တာဝန်ခံ ဒေါ်သင်းသင်းအိက ဈေးရောင်းပွဲတော်ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များကိုရှင်းလင်းသည်။
ဈေးပွဲတော်တွင် လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊အဝတ်အထည်အမျိုးမျိုး၊စာရေးကိရိယာမြား၊ကလေး ကစားစရာ ပစ္စည်းများ၊ အလှကုန်ပစ္စည်းများကို ငွေကြေးကိုင်တွယ်သုံးစွဲခြင်းမဟုတ်ဘဲ EMONEY စနစ်ငွေပေးချေခြင်းဖြင့်ရောင်းချခဲ့သည်။
ပြည်သူများအနေဖြင့် " ယခင်က ငွေစက္ကူများကို ကိုင်တွယ်အသုံးပြုခဲ့ရပြီး သွားလာရတဲ့အချိန် ကြာမြင့်ခြင်း၊ အချိန်ကုန်ခြင်း၊ သယ်ပိုးသွားရတဲ့အတွက် ကြောင့်ကျရခြင်း၊ ရေတွက်ရတဲ့ အတွက် ငွေစက္ကူများမှထွက်တဲ့ အမှုန်သေးအမှုန်မွှားများ ခန္ဓာကိုယ်တွင်းဝင်ရောက်ခြင်း၊ အတုပါခဲ့လျှင် နစ်နာဆုံးရှုံးရခြင်း၊တစ်နေ့တာ ရောင်းချရတဲ့ငွေများကို ရေတွက်ထုတ်ပိုးရတဲ့အချိန်ကုန်သက်သာ စေခြင်းစတာတွေကင်းဝေးစေမဲ့ KBZ Pay မိုဘိုင်းလ်ဖုန်းအသုံးပြုရခြင်းအတွက် အထက်ပါကိစ္စရပ် များပြေလည်နိုင်မည့်အပြင် ဘဏ်မှာအကြာကြီးစောင့်ဆိုင်းရတာတွေ၊လက်မှတ်မတူလို့ငြင်းဆိုခံရ တာတွေကင်းဝေးစေမှာဖြစ်ပြီး ဖုန်းနံပါတ်သိရုံဖြင့် KBZ Pay ဖွင့်ထားသူတစ်ဦးထံ လွယ်လင့်တကူငွေလွှဲ ပေးနိုင်မှာဖြစ်ကြောင်း" ဘဏ်တာဝန်ခံ ဒေါ်သင်းသင်းအိ ထံမှသိရသည်။
ဈေးပွဲတော်ကို ညနေ ၄ နာရီမှ ၈ နာရီ ထိ ကျင်းပခဲ့ပြီး ပြည်သူများမှ မိုဘိုင်းလ်ဖုန်းများတွင် KBZ pay ဖွင့်ခြင်းကို ဘဏ်ဝန်ထမ်းများကဝန်ဆောင်မှုပေးခဲ့ကြပြီး ရောင်းချသောပစ္စည်းများအား ဝယ်ယူအားပေးခဲ့ကြကြောင်း သိရသည်။
ဇော်ဝင်းလှိုင်(မြို့နယ်ပြန်/ဆက်)


