ရန်ကုန် ၂၇ အောက်တိုဘာ 

စာရေးဆရာမကြီး မိုးမိုး(အင်းလျား)၏ (၇၅) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် မြန်မာစာပေနှင့် အနုပညာပွဲတော် တတိယမြောက်နေ့(နောက်ဆုံးနေ့)ကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ၌ ကျင်းပရာ စာပေချစ်မြတ်နိုးသူများနှင့် လာရောက်လေ့လာကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။

 

ေ

 

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမ၌ မိုးမိုး(အင်းလျား)လုံးချင်းဝတ္ထုများအပေါ် သုံးသပ်ချက်ပြိုင်ပွဲကိုကျင်းပရာ စာရေး  ဆရာမကြီး ကြူကြူသင်း၊ စာရေးဆရာမကြီး မစန္ဒာ၊ စာရေးဆရာမကြီး မနှင်းဖွေး၊ စာရေးဆရာမကြီး စမ်းစမ်းနွဲ့(သာယာဝတီ)နှင့် စာရေးဆရာမ ဂျူးတို့က အကဲဖြတ်ဒိုင်များအဖြစ် ဆောင်ရွက်ကြသည်။

ထို့နောက် စာရေးဆရာမ ရာသက်ပန်(တောင်ငူဆောင်)က မိုးမိုး(အင်းလျား) စာပေနှင့်ပတ်သက်၍ စာတမ်းဖတ်ကြားပြီး မွန်းလွဲပိုင်းတွင် စာရေးဆရာမကြီး သန်းမြင့်အောင် က ဘဝထဲက ရသ၊ ရသထဲက ဘဝ ခေါင်းစဉ်ဖြင့် ဟောပြောကာ မိုးမိုး (အင်းလျား)စာပေဆု ၉ ကြိမ်ရရှိသူ မောင်ခိုင်အောင်(စစ်တွေ)က မိုးမိုး(အင်းလျား) ဝတ္တုများကို ဖတ်ခဲ့ရသည့် ခံစားချက်များနှင့်ပတ်သက်၍ ဟောပြောသည်။

စာရေးဆရာမကြီး သန်းမြင့်အောင်က  "လူတိုင်းလူတိုင်းရဲ့ဘဝဟာ ရသနဲ့ ပေါင်းစည်းနေပါတယ်။ ဘဝထဲကလာတဲ့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းငိုကြွေးခြင်း၊ ထိခိုက် နာကျင်ခြင်းစတဲ့ အရာတွေကလည်း ရသတွေပါပဲ။ ဒါကြောင့် စာပေကိုမြတ်နိုးဖို့ အင်မတန်အရေးကြီးပါတယ်။ ဘဝထဲမှာရသတွေအများကြီးရှိတယ်။ ဘဝကိုတက်မက် ရင်း ရသကို ချဉ်းကပ်နိုင်ကြပါစေ၊ စာပေအနုပညာထဲမှာ ဘဝကိုရှင်သန်နိုင်ကြပါစေ"ဟု ပြောကြားသည်။

ယခုကျင်းပသည့် ပွဲတော်သို့ ၃ ရက်တိုင်တိုင် လာရောက်အားပေးသူ လှိုင်မြို့ နယ် မှ   မအိအိဆွေက     "စာပေကို ငယ်ငယ်ကတည်းက ဝါသနာပါခဲ့ပါတယ်။ နယ်က ဆိုတော့ ဒီလိုပွဲမျိုးတော့ အလှမ်းဝေးတယ်။ မကြုံခဲ့ဘူး။ ဒီပွဲကို တက်ဖြစ်အောင် တက်မယ်ဆိုတဲ့ စိတ်နဲ့လာဖြစ်ခဲ့ပါ တယ်။ စာရေးဆရာ /ဆရာမကြီးတွေကို မျက်ဝါးထင်ထင်တွေ့ရတော့ ပီတိဖြစ်တယ်။ ပျော်ရွှင်မိတယ်"ဟုပြောသည်။

ဆရာမ နှင်းဝေငြိမ်းက "ဝတ္ထုတိုပြိုင်ပွဲဆုက ပထမ၊ ဒုတိ်ယ၊ တတိယနဲ့ နှစ်သိမ့် ဆု (၉)ဆု ပေးပါတယ်။  ပထမဆုငွေကျပ် ၅ သိန်း၊ ဒုတိယဆုက ၃သိန်း၊ တတိယဆုကို ဆုငွေ ၂ သိန်း၊ နှစ်သိမ့်ဆုတွေက ၇သောင်းကျပ်စီ ချီးမြှင့်ပါမယ်။ ဝင်ရောက်ယှဉ်ပြိုင်တဲ့ သူတိုင်းက ရေးသားမှုတွေက မတိမ်းမယိမ်းပါပဲ။ ဆုရသူ အားလုံးကို ဆရာမ မိုးမိုးရဲ့ စာအုပ်တွေ ပါတွဲပြီးပေးမှာ။ တစ်နိုင်ငံလုံးအနယ်နယ် အရပ်ရပ်က ဝင်ရောက်ယှဉ်ပြိုင် သူပေါင်း ၃၃၇ ဦး ပါဝင်ကြတယ်။ ကျွန်မက စာရေးဆရာမတစ်ယောက်ပေမယ့် စာပဲရေးနေတာမဟုတ်ဘဲ စာပေတာဝန်ပါ ထမ်းဆောင်တဲ့အခါ  မြင်ဆရာ၊ သင်ဆရာ၊ ကြားဆရာတွေကို ဂုဏ်ပြုပြီး ပူးပေါင်းဆောင်ရွက်ခွင့်ရရှိတာလည်း အခွင့်အရေး တစ်ခုပါ။   ရှေ့ကပုဂ္ဂိုလ်တွေကို ကျွန်မတို့ ဂုဏ်ပြုသလို နောင်လာမယ့် မျိုးဆက်တွေ ကို လည်းလက်ဆင့်ကမ်းပြီး တွဲခေါ်ရမှာဖြစ်လို့ ခုလိုစာပေတာဝန်ကို ထမ်းဆောင်တာ ပါ။ စာပေသမား လူငယ်တွေ ပေါ်ထွန်းလာတဲ့အတွက် ကြိုဆိုပါတယ်။ စာရေးပြီး အောင်မြင်ပါစေ"ဟု ပြောသည်။

(အိပ်တန်းပြန်ငှက်) ဝတ္ထုတိုဖြင့် တတိယဆုရရှိသူ စာရေးဆရာမ သခင် (ဇလွန်မြေ)က "စာရေးဆရာမကြီးမိုးမိုး(အင်းလျား)အတွက် ကျင်းပတဲ့ပွဲတွေက အစဉ် အလာကြီးမားပါတယ်။ ဒီအတွက် ဆုရမယ်တော့ မမျှော်လင့်ထားခဲ့ပါဘူး၊ ဆုရတော့ ငိုရလောက်တဲ့အထိ ပျော်မိပါတယ်။ စာဖတ်ဖို့အတွက် လူငယ်တွေကို တိုက်တွန်းချင် တာက ဝါသနာပါရင်ရေးပါ။ စာဖတ်တဲ့လူတစ်ယောက်နဲ့ မဖတ်တဲ့ လူတစ်ယောက်က ချင့်ချိန်နိုင်စွမ်းက မတူညီကြပါဘူး။ ဒါ့ကြောင့် စာပေတွေကိုလည်း များများဖတ်ပါလို့ တိုက်တွန်းချင်ပါတယ်"ဟု ပြောသည်။

ဆက်လက်၍ မိုးမိုး(အင်းလျား) လုံးချင်းဝတ္ထုများအပေါ် သုံးသပ်ချက်ပြိုင်ပွဲနှင့် ဝတ္ထုတိုပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ဝတ္ထုတိုပြိုင်ပွဲတွင် ပထမဆုကို သားကောင်များဝတ္တုဖြင့် ခန့်ကျော်ထင်လှိုင်(လွိုင်ကော်)၊ ဒုတိယဆုကို ကမ္ဘာမီးလောင် နေသည် ဝတ္တုဖြင့် ထန် ၊ တတိယဆုကို အိပ်တန်းပြန်ငှက်ဝတ္တုဖြင့် သခင်(ဇလွန်မြေ) တို့က ရရှိကြပြီး နှစ်သိမ့်ဆု ရရှိသူ (၉)ဦးနှင့် မိုးမိုး(အင်းလျား)၏ လုံးချင်းဝတ္တုများအပေါ် သုံးသပ်ချက်ပြိုင်ပွဲတွင် ဆုရရှိသူ (၆) ဦးတို့အား ဆုများချီးမြှင့်ခဲ့သည်။

ထို့နောက် ဆရာမဂျူးနှင့် မြကြာငုံတို့အဖွဲ့က စာပေချစ်သူများကို တေးသံသာ များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။

သတင်း-မြတ်စန္ဒီ
ဓာတ်ပုံ-ဇော်မင်းလတ်