နေပြည်တော် ၂၇ အောက်တိုဘာ 

ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ကူညီထောက်ပံ့ရေးနှင့် (၂၀၁၇)ခုနှစ် မောင်တောဒေသ အကြမ်းဖက်ဖြစ်စဉ်နောက်ပိုင်း တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခြင်းမပြု သည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ ဧည့်ရိပ်သာ၌ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့ဆွေးနွေးပွဲ၌ ရခိုင် ပြည်နယ်အတွင်း အစိုးရကဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများကို ပိုမိုအားထည့် ဆောင်ရွက် ကြရန်နှင့် လက်တွေ့မြေပြင် လိုအပ်ချက်များကိုဆွေးနွေးဖြည့်ဆည်းရန် တွေ့ဆုံရခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၁၆ ခုနှစ်မှစတင်၍ ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုဦးတည်ပြီး ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီ ကိုဖွဲ့စည်းပြီး လုပ်ငန်းကော်မတီ (၄)ရပ်ဖြင့် ဆောင်ရွက်လျက်ရှိသည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ ဒေသတွင်းနေရာချထားရေး နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီကို မိမိတို့ဝန်ကြီးဌာနက တာဝန်ယူ၍ ဆောင်ရွက်လျက်ရှိကြောင်း။

ယခုအခါတိုက်ပွဲများကြောင့် မိမိတို့ကျေးရွာမှ စုရပ်စခန်းများသို့ တိုက်ပွဲရှောင်နေရသူများ အား ကူညီထောက်ပံ့ရေးကိစ္စများကို ဆောင်ရွက်လျက်ရှိရာ ထိုလုပ်ငန်း ဆောင်ရွက်ချက်များသည် စနစ်ကျရန်၊ ရေရှည်ကောင်းမွန်သောအကျိုးရလဒ်ရရှိရန်၊ မြေပြင်အခြေအနေများနှင့် ဆက်စပ် လေ့လာဆောင်ရွက်ရန်လည်းလိုအပ်ပါကြောင်း၊ ထို့အတွက် မိမိတို့ဝန်ကြီးဌာန၏ တာဝန်ရှိသူများ သည် တိုက်ပွဲရှောင်များအတွက် ဆောင်ရွက်ပေးနေမှုများ၏ အခြေအနေများကို ကွင်းဆင်းလေ့လာ မှု ကြိုတင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ အဆိုပါကိစ္စများကိုလည်း ယနေ့ဆွေးနွေးကြမည်ဖြစ် ကြောင်း၊ ဒေသတွင်းနေရပ်စွန့်ခွါသူများအတွက် သက်ဆိုင်ရာအစိုးရဌာနများ၊ နိုင်ငံတကာအဖွဲ့ အစည်းများ၊ နိုင်ငံတကာပညာရှင်များနှင့်ပူးပေါင်း၍ ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာကိုလည်း ရေးဆွဲထားပြီးဖြစ်ရာလက်တွေ့အသုံးချပြီး ဆောင်ရွက် နိုင်ရန်ကိစ္စများလည်း ဆွေးနွေးပေးကြရန်ဖြစ်ကြောင်း။

ထို့ပြင် ၂၀၁၇ ခုနှစ် ဖြစ်စဉ်များကြောင့် တစ်ဖက်နိုင်ငံသို့ ပြောင်းရွှေ့ထွက်ခွါသွားသည့် သူများရှိသလို မပြောင်းရွှေ့ဘဲကျန်ရှိသူများလည်း ရှိကြောင်း၊ မပြောင်းရွှေ့ဘဲကျန်ရှိနေသူများ သည်လည်း ၎င်းတို့၏အိုးအိမ်များကို စွန့်ခွါသွားရသည့် အတွက် ဒေသတွင်းပြန်လည်နေရာချထား ရေးတွင်အကျုံးဝင်ပါကြောင်း၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကဏ္ဍစုံလုပ်ငန်းများကို အစိုးရ၊ ပြည်သူများ၊ မိတ်ဖက်နိုင်ငံများ၊ ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်း များပူးပေါင်းပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက် ရန် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေးဖွံ့ဖြိုးရေး စီမံကိန်း(UEHRD) ကော်မတီဖွဲ့စည်းပြီး လုပ်ငန်းများအကောင်အထည်ဖော် လျက်ရှိကြောင်း၊ မိတ်ဆွေနိုင်ငံများ၊ အာဆီယံဒေသတွင်းနိုင်ငံများနှင့်လည်း ပူးပေါင်း၍ အကြံဉာဏ် များ၊ အကူအညီ များရယူပြီး ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း။

နိုင်ငံတော်အစိုးရ၏ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်ချက်များကို ပြည်သူသို့အစီရင် ခံစာများထုတ်ပြန်ပေးပါကြောင်း၊ ရခိုင်ပြည်နယ်တွင် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရသည့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိတို့၏ တာဝန်များကိုဆောင်ရွက်ရာတွင် မြေပြင်အခက်အခဲများကို ဖော်ထုတ်တင်ပြဆွေးနွေးကြရန်နှင့် အကြံပြုချက်များပေးကြရန် ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဉီးညီပုက တိုက်ပွဲရှောင်စခန်းများ၌ နေရာချထားမှု၊ တိုက်ပွဲရှောင်များအတွက်ယာယီခိုလှုံနိုင်ရေးဆောင်ရွက်ထားရှိမှု၊ ပညာရေးနှင့် ကျန်းမာရေးကိစ္စရပ်များအတွက် ဆောင်ရွက်ထားရှိမှု၊ ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဉ်နောက်ပိုင်း တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခြင်းမပြုသည့် နေရပ်စွန်ခွာသူများအား နေရာ ချထားနိုင်ရေး ဆောင်ရွက်ထားရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်နယ်တိုက်ပွဲရှောင်စခန်းများ စီမံခန့်ခွဲမှူကော်မတီဉက္ကဌလုံခြုံရေးနှင့် နယ်စပ်ရေးရာရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ရခိုင်ပြည်နယ် တိုက်ပွဲရှောင်ပြည်သူများအား ခရိုင်/မြို့နယ်အလိုက် စီမံခန့်ခွဲဆောင်ရွက်ထားရှိမှု၊ စခန်းနေပြည်သူများအတွက်လုံခြုံရေး၊ ထောက်ပံ့ရေးတို့အတွက်ဆောင်ရွက်ထားရှိမှု၊ အဆောက်အဦများဆောက်လုပ်ပြီးစီးမှု၊ စုရပ်များ၌ ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားရန်ဆောင်ရွက်ထားရှိမှု၊ ကျန်းမာရေးစောင့်ရှောက် မှုနှင့်ပတ်သက်၍ဆောင်ရွက်ထားရှိမှု၊ IDP စခန်းများပိတ်သိမ်းနိုင်မှု၊ NVC ကိုင်ဆောင်သူများ ခရီးသွား လာခွင့်ဆောင်ရွက်ထားရှိမှု၊ NVC ရရှိပြီးသူများအားနိုင်ငံသားစိစစ်ရေး ဆောင်ရွက်ပေးမှု တို့ကို တင်ပြဆွေးနွေးသည်။

ပြည်နယ်လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက (၂၀၁၇) ခုနှစ်အကြမ်းဖက်ဖြစ်စဉ်နောက်ပိုင်း တစ်ဖက်နိုင်ငံသို့ထွက်ပြေးတိမ်းရှောင်ခြင်းမပြုသည့် နေရပ် စွန့်ခွာသူများနှင့်ပတ်သက်၍ ရပ်ကွက်/ကျေးရွာများ၌ ပြန်လည်နေရာချထားရေးလျာထားမှု၊ နေရပ်စွန့်ခွာသူများအနက် တစ်ဖက်နိုင်ငံမှ မိမိဆန္ဒအလျောက်ပြန်လည်ဝင်ရောက်လာပြီး UEHRD  အစီအစဉ်ဖြင့် လက်ခံပြီးသူများအတွက် ဆောင်ရွက်ထားရှိမှု၊ လျာထားအဆောက်အဉီပုံစံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီးဉီးစိုးအောင်က ပြန်လည်နေရာချထားရေးအတွက် ရခိုင်ပြည်နယ် အတွက် ဆောင်ရွက်ထားရှိမှု၊ ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့ရှိ တိုက်ပွဲရှောင်ပြည်သူများ အတွက် ဆောင်ရွက်ထားရှိမှုအတွေ့အကြုံများနှင့်ပတ်သက်၍လည်းကောင်း၊ UEHRD အဖွဲ့ဝင် ဦးတိုးအောင်က UEHRD ၏ ပူပေါင်းဆောင်ရွက် အကောင်အထည်ဖော်နေသည့် ကိစ္စရပ်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ တက်ရောက်လာသူများက နေရပ် စွန့်ခွာသူများပြန်လည်လက်ခံရာတွင် နိုင်ငံသားစိစစ်ဆောင်ရွက်နေမှု၊ နေရပ်စွန့်ခွာသူများအတွက် နေရာချထားနိုင်ရေးဆောင်ရွက်နေမှု၊ တိုက်ပွဲရှောင်ကျောင်းသူ ကျောင်သားများ ပညာသင်ကြားနေ မှု၊ တိုက်ပွဲရှောင်များအတွက် ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေတို့ကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့က ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)