မကွေး ၂၈ အောက်တိုဘာ
မကွေးတိုင်းပြည်သူ့ဆေးရုံကြီးအား လက်ရှိကုတင် ၂၀ဝ ဆံ့ မှ ကုတင် ၅၀ဝ ဆံ့ ဆေးရုံကြီးအဖြစ် ခွင့်ပြုပေးရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနသို့ တင်ပြထားပြီး ၂၀၂၀ ခုနှစ်အတွင်း၌ လူနာ(၆၀ဝ) ခန့်ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်တော့မည်ဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးထံ မှ သိရသည်။
“ လက်ရှိဆေးရုံဖွဲ့စည်းပုံ နဲ့ ဘတ်ဂျက်က ကုတင် ၂၀ဝ အတွက်သာ ဖြစ်ပါတယ်။ ကုတင် ၅၀ဝတိုးချဲ့ ခွင့်ရလာရင် ဘတ်ဂျက်လည်းတိုးလာမှာ ဖြစ်ပါတယ်။ တိုးချဲ့ ငါးထပ်ဆောင်ကြီးလည်း ပြီးသွားမယ်။ မိခင်နှင့်ကလေး ၊ မွေးကင်းစ သုံးထပ် ဆောင်လည်း ပြီးသွားမယ်ဆိုရင် လူနာဦးရေ (၆၀ဝ)လောက် ကုသပေးသွားနိုင်မှာပါ ” ဟု ဆေးရုံအုပ်ကြီးက ပြောသည်။
မကွေးတိုင်းပြည်သူ့ဆေးရုံကြီးဝင်းအတွင်း၌ ပြည်ထောင်စုဘတ်ဂျက် နှင့် တိုင်းဒေသကြီး အစိုးရရန်ပုံငွေ ပံ့ပိုးမှု များဖြင့် တည်ဆောက်နေသည့် ငါးထပ်တိုးချဲ့ဆောင်တစ်လုံး ၊ ဂျပန်နိုင်ငံ JICA မှ လှူဒါန်းသည့် အမေရိကန် ဒေါ်လာ ၁၂.၈ သန်းတန် သုံးထပ်အဆောက်အဦသစ် တစ်လုံးတို့မှာ ၂၀၂၀ ခုနှစ်အတွင်း တည်ဆောက်ပြီးစီးတော့မည်ဖြစ်သည်။
၁၉၆၄ခုနှစ်မှစ၍ ကုတင်(၂၀ဝ)ဆံ့ဆေးရုံကြီးအဖြစ် သက်တမ်း(၅၅)နှစ်ကြာ တည်ရှိခဲ့ပြီဖြစ်သော မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးမှာ ကုတင်၂၀ဝဆံ့ဆေးရုံဟု အမည်ပေါက်သော်လည်း တိုင်းအတွင်းမြို့နယ် အသီးသီးမှ အတွင်းလူနာ(၅၀ဝ) ခန့်အား နေ့စဉ်ကျန်းမာရေး စောင့်ရှောက်မှု ပေးနေရသည်။
“ ဝန်နဲ့အား ၊ လေးနဲ့မြား မမျှသလို ကျန်းမာရေးဝန်ထမ်း ဆရာ၊ဆရာမတွေ ၊ ဆရာဝန်တွေဟာ အလုပ်ကို နှစ်ဆလောက် လုပ်နေရတာကို တွေ့ရပါတယ်။ ဒါ့ကြောင့်လည်း ကုတင် ၅၀ဝ အဆင့် တိုးမြှင့်ပေးဖို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကို တင်ပြတောင်းခံထားပြီးဖြစ်ပါတယ် ” ဟု ဆေးရုံအုပ်ကြီး က ဆိုသည်။
ဆေးရုံတက်လူနာများကို နိုင်ငံတော်၏မူဝါဒအရ FOC အခမဲ့ အကုန်လုပ်မပေးနိုင်သေးသော်လည်း တတ်နိုင် သမျှ အခမဲ့လုပ်ဆောင်ပေးနေကြောင်း ၊ မြန်မာ့စီးပွားရေးဘဏ်တွင် စေတနာရှင်များ လှူဒါန်းထားသည့် ဆေးပဒေသာပင်ငွေ ကျပ်သိန်း ၉၀ဝကျော်ရှိပြီး အရင်းကိုထုတ်မသုံးဘဲ အတိုးရငွေဖြင့် ချို့တဲ့နွမ်းပါးတဲ့လူနာများကို ရွေးချယ်ထောက်ပံ့ပေးလျက်ရှိ ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးထံ မှ သိရသည်။
ဇေယျတု(မကွေး)


