မူဆယ် ၂၈ အောက်တိုဘာ
တရုတ်-မြန်မာနယ်စပ် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရှေးဇုန်နယ်မြေအတွင်းရှိ သစ်သီးရောင်းဝယ် ကွင်းတွင် ဖရဲသီးရောင်းဝယ်မှု ဈေးအေးနေကြောင်း သိရသည်။
ရှမ်းပြည်နယ်မှ ထွက်သည့် ဖရဲသီးကို ရှမ်းသီး၊ မန္တလေး၊ စစ်ကိုင်း၊တံတားဦး၊ မိတ္ထီလာ ၊ မုံရွာ ၊မြင်းခြံ ၊သဲတော ၊ဝမ်းတွင်းစသဖြင့် မြန်မာပြည်နေရာဒေသအသီးသီးက ထွက်သည့် ဖရဲသီးကို ဗမာဖရဲသီးဟု ဈေးကွက်အတွင်း ခေါ်ဝေါ်ပြောဆိုချက်အရ သိရသည်။ ရှမ်းသီးကိုအများအားဖြင့် အအေးပိုင်းဒေသများတွင် စိုက်ပျိုးကြတာဖြစ်ပြီး ဗမာသီးမှာ အပူချိန်အနည်းငယ်များသည့်နေရာ ဒေသများတွင် စိုက်ပျိုးခြင်းကြောင့် အရောင်းအဝယ်ပြုလုပ်သည့်နေရာများတွင် နှစ်တိုင်း ဈေးနှုန်းကွာဟမှုများ ရှိနေကြောင်း သိရသည်။
ဈေးနှုန်း ကွာဟမူဖြစ်ရသည့်အကြောင်းအရင်းမှာ ရှမ်းသီးက အအေးဓာတ်များသည့် နေရာဒေသတွေမှာအများဆုံး စိုက်ပျိုးကြခြင်းဖြစ်ပြီး၊ သယ်ယူရောင်းချသည့်နေရာတွင် ခရီး မဝေးသောကြောင့် ဖရဲသီးတင်ဆောင်သည့် ကုန်တင်ကားများအနေဖြင့် မူဆယ်နှစ်နိုင်ငံ အသီးရောင်းဝယ်ကွင်းကို နေ့ချင်းပေါက် မောင်းလို့ရသကဲ့သို့ တင်လာတဲ့ အသီးများမှာလည်း အပေါ်ပိုင်း စိမ်းစိုမှုရှိခြင်း၊ အတွင်းသားနီရဲခြင်း၊ အပစ်အနာအဆာကင်းခြင်း၊ စသဖြင့် အသီးအနေအထားမှာ မာကြောကျစ်လှစ်မူရှိသလို အရည်အသွေးကောင်းမွန်ပြီး အရောင်အသွေး ကောင်းမွန်သောကြောင့် ရောင်းတန်းမှာ လူကြိုက်များခြင်းဖြစ်သည်။
ဗမာဖရဲသီးများမှာ အများအားဖြင့်မြန်မာပြည်အောက်ပိုင်း အပူရှိန်အနည်းငယ်များသည့် နေရာဒေသတွေမှာ စိုက်ပျိုးကြခြင်းဖြစ်ပြီး၊ သယ်ယူရောင်းချသည့် နေရာမှာလည်း ခရီးဝေးသည့် အတွက်ကြောင့် ဖရဲသီးတင်သည့် ကုန်တင်ကားများမှာ မူဆယ်အသီးရောင်းကွင်းကို နှစ်ရက်ခန့် မောင်းရတာဖြစ်သည့်အတွက် အသီးများနေပူရှိန်ကြောင့် အပေါ်ပိုင်းအရောင်လွင့်သလို အတွင်းသားများမှာလည်း အနည်းငယ်ထိခိုက်မူရှိပြီးအရည်အသွေးမှာ ရှမ်းသီးထက် အနည်းငယ်ညံ့ပြီး ရောင်းတန်းမှာလူကြိုက်နည်းသွားသည့်အတွက် ဈေးနှုန်းကွာဟမှုဖြစ်ကြောင်း သိရသည်။
အဆိုပါအသီးရောင်းဝယ်မူကို အသီးရာသီချိန်ရောက်တိုင်း နေ့စဉ်နံနက်(၇)နာရီမှ နံနက်(၁၀) နာရီဝန်းကျင်အထိရောင်းချ နေခြင်းဖြစ်ပြီး ယခုကဲ့သို့ အသီးရောင်းဝယ်မှုအေးနေသည့် ကာလတွင် အသီးရောင်းချိန်ကို အခြေအနေနှင့် အချိန်အခါကို ကြည့်ပြီး ရောင်းချနေကြရကြောင်း သိရသည်။
ယခုနှစ်အတွင်း ဖရဲ ရာသီအစမှ ယခုအောက်တိုဘာလအတွင်း မြန်မာပြည်၊ ရှမ်းပြည်နေရာ ဒေသအသီးသီးမှ ထွက်ရှိနေသည့် ဖရဲသီးများ၊ ဖရဲရာသီပေါ်ချိန်အစမှ ယနေ့ အောက်တိုဘာလအတွင်း ဖရဲသီးကားအစီးရေ(၃၀ဝဝ)စီးခန့် ဝင်ရောက်ရောင်းချ နိုင်ခဲ့ပြီး တရုတ်နိုင်ငံသို့ ဖရဲတန်ချိန် ပေါင်း(၂၀ဝဝ)ဝန်းကျင်ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
သန့်ဇင် (မူဆယ်)


