ပုသိမ် ၂၈ အောက်တိုဘာ
ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်ခရိုင် ချောင်းသာ အထက တွင်ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့်စာအုပ်ဈေးရောင်ပွဲတော်ကို နိုဝင်ဘာ ၁ နှင့် ၂ ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကလေးစာပေပွဲတော်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ပံ့ပိုမှုဖြင့် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန နှင့်ခရိုင်/မြို့နယ်စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းကျင်းပတာဖြစ်ပြီး၊ ကလေးစာပေပွဲတော်ကာလအတွင်း ကလေးများအတွက် ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြောပြိုင်ပွဲများ၊စက္ကူခေါက်၊ စကားပုံဆက်၊ အရုပ်ဆက်၊ ဆေးရောင်ခြယ် ပြိုင်ပွဲများအပြင် ထုပ်ဆီးတိုး၊ဂိမ်းကစားပြိုင်ပွဲများ၊ဖျော်ဖြေရေးပွဲများကိုလည်း စီစဉ်ထားကြောင်း သိရသည်။
ပွဲတော်ကို လာရောက်ဆင်နွှဲကြသော ကလေးများ ဗဟုသုတရရှိစေရေးအတွက် ထူးချွန်ထင်ရှား ဧရာဝတီ တိုင်းသားများပြခန်း၊ ကလေးစာပေပြခန်းနှင့် ကလေးစာဖတ်ခန်း၊ဌာနဆိုင်ရာပြခန်းများ၊ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုဆိုင်ရာ ပြခန်းများကိုလည်းပြသထားမှာဖြစ်ပြီး ၊ပွဲတော်ကာလ အတွင်း သုတ၊ရသ၊ကလေးစာအုပ်များကိုလည်း ရန်ကုန်မြို့ မှစာအုပ်ဆိုင်ကြီးများစာအုပ်ဆိုင် ၃၀ဆိုင်ကအထူးဈေးနှုန်းများဖြင့်လျှော့ ရောင်းပေးမှာဖြစ်ကြောင်း သိရသည်။
ကလေးစာပေပွဲတော်ကို ကလေးသူငယ်များဘက်စုံဖွံ့ဖြိုးရေး၊ စာပေဗဟုသုတရရှိရေး၊ ဉာဏ်ရည် ထက်မြက်ရေး၊ ကလေးများ၏ စွမ်းရည်းမျာမြှင့်တင်ရေး၊ စာဖတ်သည် အလေ့အကျင့်ကောင်းများ ရရှိရေးစသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပေးတာဖြစ်ပြီး၊ တိုင်းဒေသကြီး အတွင်းမြို့နယ်များတွင် ကလေးစာပေပွဲတော်များကို ၂၀၁၉ ခုနှစ်နိုဝင်ဘာလမှ ၂၀၂၀ ခုနှစ် ဧပြီလ ပထမပတ်အထိ၊ ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - မောင်မောင်မြင့်(ပြန်/ဆက်)


