၂၈ အောက်တိုဘာ
၂၀၂၀ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ကြိုးပမ်းနေသည့် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် နိုဝင်ဘာတွင် ပြိုင်ပွဲသုံးခု ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
သက်ထားသူဇာသည် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ပြိုင်ပွဲများအနက် ပိုမိုအဆင့်မြင့်မားသည့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး Grade-2 အဆင့်ရှိ World Tour Super 300 ပြိုင်ပွဲ၌ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ သက်ထားသူဇာသည် နိုဝင်ဘာ ၁၃ ရက်မှ ၁၇ ရက်အထိ နီပေါနိုင်ငံ၌ ကျင်းပမည့် International Challenge ပြိုင်ပွဲ၊ အိန္ဒိယနိုင်ငံ၌ နိုဝင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိကျင်းပမည့် International Challenge ပြိုင်ပွဲ၊ နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ ကျင်းပမည့် HSBC BWF World Tour Super 300 ပြိုင်ပွဲတို့တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။ International Challenge ပြိုင်ပွဲတွင်ဆုကြေးငွေ စုစုပေါင်း ဒေါ်လာ ၂၅၀ဝ၀ သာ ချီးမြှင့်သော်လည်း BWF World Tour Super 300 ပြိုင်ပွဲတွင်မူ ဆုကြေးငွေစုစုပေါင်း ဒေါ်လာတစ်သိန်းခွဲအထိ ချီးမြှင့်မည်ဖြစ်သည်။ သက်ထားသူဇာသည် ယင်းပြိုင်ပွဲသုံးခုအပြီးတွင် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပမည့် အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။
သက်ထားသူဇာသည် ဂျပန်နိုင်ငံ၌ ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ကမ္ဘာ့အဆင့်သတ်မှတ်ချက် မြင့်မားရန်လိုအပ်နေပြီး ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကျင်းပလျက်ရှိသည့် ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ကာ အမှတ်များရယူနိုင်မှသာ အဆင့်သတ်မှတ်ချက် တက်လာမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်