ညောင်ရွှေ ၂၈ အောက်တိုဘာ
တန်ဆောင်မုန်းလဆန်း (၁)ရက်နေ့တွင် ကျရောက်သည့် အင်းသားအမျိုးသားနေ့ကို စတုတ္ထအကြိမ်မြောက်အဖြစ် အောက်တိုဘာ(၂၈)ရက်က ကျင်းပပြုလုပ်ရာ ရှေးဦးစွာနံနက်(၈)နာရီ တွင် ညောင်ရွှေမြို့အနောက်ဘက်ရှိ နန်းကပ်ချောင်း၌ အင်းသားရိုးရာဆွဲလှေများက စုပေါင်းချီတက် လှော်ခတ်သရုပ်ပြကြပြီး အင်းသားရိုးရာလှေလှော်ပြိုင်ပွဲကိုကျင်းပရာ ဆုရရှိသည့်အသင်းများအား အရှေ့ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်ပြီး ဧည့်သည်တော်ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ တိုင်း မှူးနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များသည် အင်းသားအမျိုးသားနေ့အထိမ်းအမှတ် ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြပြီးနောက် လူထုအခမ်းအနားကျင်းပပြုလုပ်ရာ မြို့တော်ခန်းမသို့ ဆက်လက်ထွက်ခွာကြသည်။
စတုတ္ထအကြိမ် အင်းသားအမျိုးသားနေ့ လူထုအခမ်းအနားတွင် အဆင့်မြင့်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာ ဇော်ဌေးက အဖွင့်အမှာစကားပြောကြားပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် ရှမ်း ပြည်နယ်အစိုးရအဖွဲ့ဝင် အင်းသားတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်တို့က အသီးသီး နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
ထို့နောက် အင်းသားတိုင်းရင်းသားလူငယ်တစ်ဦးက ဆွေးနွေးပွဲရလဒ်များနှင့် ထုတ်ပြန်ကြေညာချက်များကို ရှင်းလင်းတင်ပြပြီး သဘာပတိအဖွဲ့က လူထုပရိတ်သတ်ထံမှ အတည်ပြုချက်ရယူခဲ့သည်။
၎င်းနောက် နိုင်ငံ့ဂုဏ်ဆောင် လှေလှော်အားကစားသမားနှစ်ဦးအား ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးနှင့် အလှူရှင်များက ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့် ခဲ့ပြီး ပွဲတော်ဖြစ်မြောက်ရေးဥက္ကဌ ဦးမျိုးမင်းဇော်နှင့် တာဝန်ရှိသူများက ပွဲတော်ဖြစ်မြောက်ရေး အလှူ ရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး ပွဲတော်ဖြစ်မြောက်ရေးဥက္ကဌက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ


