ရန်ကုန် ၂၈ စက်တင်ဘာ
အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ သွေးစည်း ညီညွတ်ရေး အစီအစဉ်ရဖွင့်လှစ်သည့် ကနူး/ကယက်လှေနည်းပြသင်တန်းအဆင့်(၁) သင်တန်း ဖွင့်ပွဲအခမ်းနားကို ယနေ့နံနက်(၉) နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ကျိုက္ကဆံ အားကစားနှင့်ကာယပညာသိပ္ပံ ရုံးဟောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် က ယခုဖွင့်လှစ်သည့် ကနူး/ကယက်နည်းပြသင်တန်းသည် မြန်မာ့ကနူး/ကယက် အားကစား အဆင့်အတန်းမြင့်မားရေးအတွက် များစွာအထောက်အကူပြု ပံ့ပိုးပေးနိုင်မည့် အလွန်ထိရောက်သော သင်တန်းဖြစ်ကြောင်း၊ ယခုသင်တန်းကို တက်ရောက်လာကြသည့် သင်တန်းသားများ အနေဖြင့် စာတွေ့၊ လက်တွေ့ပို့ချ ပေးမည့် ခေတ်မီ အဆင့်မြင့်အသိပညာ၊ အတတ်ပညာများကို မိမိတို့ရှိပြီးသား အတွေ့အကြုံကောင်းများနှင့်ပေါင်းစပ်၍ မြန်မာ့ကနူး/ကယက် အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် အစွမ်းကုန် ပြန်လည်အသုံးချ အကောင်အထည် ဖော်ဆောင်ရွက်သွားနိုင်အောင် ကြိုးပမ်းသွားကြစေလိုပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာ ကနူးအဖွဲ့ချုပ် (ICF) တာဝန်ပေးအပ်သူ ၊ နည်းစနစ် ကျွမ်းကျင်သူ ဘူလ်ဂေးရီးယားနိုင်ငံမှ Mr. Adan Aliev ကအမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူးများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးသည်။
အဆိုပါသင်တန်းကို တိ်ုင်းဒေသကြီးနှင့်ပြည်နယ်မှ သင်တန်းသား(၃၀)၊ သင်တန်းသူ(၄) ဦး၊ စုစုပေါင်း(၃၄)ဦး တက်ရောက်သင်ကြားပြီး အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


